Tuesday 8 December 2015

အမေရိကန် ရေတပ်၏ အကြီးဆုံး ကိုယ်ပျောက်ဖျက်သင်္ဘော နောက်ဆုံးအဆင့် စမ်းသပ်ခုတ်မောင်းမှု စတင်

အမေရိကန် ရေတပ်သမိုင်းတွင် တည်ဆောက်ဖူးသမျှ အကြီးဆုံးသော ကိုယ်ပျောက် (ရေဒါဖြင့် မဖမ်းယူနိုင်သော) ဖျက်သင်္ဘောကြီးကို နောက်ဆုံးအဆင့် စမ်းသပ်မှု ပြုလုပ်နေပြီဟု သိရသည်။
မိန်းရှိ Bath Iron Works သင်္ဘောကျင်းမှ ဒီဇင်ဘာ ၇ ရက်တွင် USS Zumwalt စတင်ထွက်ခွာပြီး ရေတပ်တွင် တာဝန်မထမ်းဆောင်မီ နောက်ဆုံးအကြိမ် ပင်လယ်ပြင် လက်တွေ့ခုတ်မောင်း စမ်းသပ်မှု ပြုလုပ်သွားမည်ဟု ရေတပ်က ကြေညာခဲ့သည်။
USS Zumwaltသည် ပြင်းပြင်းထန်ထန် လေတိုက်ခတ်နေသည့် ကန်နီဘက် မြစ်ကြောင်းအတိုင်း ခုတ်မောင်းကာ ပင်လယ်ပြင်သို့ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ သင်္ဘောသားများ၊ သင်္ဘောကျင်း လုပ်သားများနှင့် ဒေသခံများ ရာနှင့်ချီ စုရုံးကာ ဒီဇိုင်းပုံစံ ထူးခြားသည့် ခေတ်မီစစ်သင်္ဘောကြီး ထွက်ခွာသွားမှုကို စောင့်ကြည့်ခဲ့ကြသည်။

အရှည် ပေ ၆၀၀ ရှိပြီး တန်ချိန် ၁၅၀၀၀ လေးလံသည့် USS Zumwaltကို ပေါ့ပ်ဟမ်းခံတပ် ကျော်လွန်သည်အထိ ဆွဲသင်္ဘောများက ခေါ်ဆောင်သွားပြီး ထို့နောက်တွင်မူ ပင်လယ်ဖက်သို့ ခုတ်မောင်းသွားခဲ့သည်။

“အမေရိကန် နိုင်ငံသူ သင်္ဘောကျင်းလုပ်သားတစ်ယောက် ဖြစ်ရတဲ့အတွက် ဂုဏ်အယူရဆုံး နေ့တစ်နေ့ပါပဲ”ဟု သင်္ဘောကို တည်ဆောက်ရာတွင် ပါဝင်ခဲ့သူ ကယ်လီကမ်ပါနာက တက်တက်ကြွကြွ ဆိုသည်။ “ဒီသင်္ဘောက သူ့အဆင့်အတန်း သတ်မှတ်ချက်အရ ပထမဆုံးတည်ဆောက်တဲ့ လက်ရာပါ။ အရင်က ကိုယ်ပျောက်ဖျက်သင်္ဘော ဒီလောက်ကြီးကြီး ဘယ်တုန်းကမှ မဆောက်ခဲ့ဖူးဘူး။ ဒါဟာ အနာဂတ်ကို တည်ဆောက်ခြင်းလည်း ဖြစ်ပါတယ်”ဟုလည်း သူမက ပြောကြားခဲ့သည်။

USS Zumwaltသည် လျှပ်စစ်စွမ်းအင်သုံး အင်ဂျင်ဖြင့် မောင်းနှင်ပြီး အဆင့်အမြင့်ဆုံး ရေဒါများ၊ အသံထောက်လှမ်း ကိရိယာများပါရှိပြီး ဖျက်အားပြင်း ဒုံးကျည်များ၊ စစ်သေနတ်များကို တပ်ဆင်ထားသည်။ သင်္ဘော၏ ကိုယ်ထည်ကို ရေဒါထောက်လှမ်းနိုင်စွမ်းမှ လျှော့ချနိုင်ရန် အထူးအလေးပေး တည်ဆောက်ထားသည်။ ထို့အပြင် အဆင့်မြင့် အလိုအလျောက် ထိန်းချုပ်စနစ် အများအပြား ထည့်သွင်းထားသောကြောင့် အခြားသော ဖျက်သင်္ဘောများထက် အမှုထမ်းအရေအတွက် သိသိသာသာ လျှော့ချပြီး သင်္ဘောကို ကိုင်တွယ် မောင်းနှင်နိုင်မည် ဖြစ်သည်။

USS Zumwaltသည် ပုံစံတူ သင်္ဘော လေးစီး တည်ဆောက်မည့် စီမံကိန်းအနက် ပထမဆုံး သင်္ဘောလည်း ဖြစ်သည်။ အဆိုပါ စီမံကိန်းအတွက် သတ်မှတ် ကုန်ကျစရိတ်သည် ဒေါ်လာ ၄.၄ ဘီလီယံမျှ ရှိနိုင်သည်။

Bath Iron Works အနေဖြင့် အဆိုပါ သင်္ဘောမျိုးကို ပထမဆုံးအကြိမ် တည်ဆောက်ဖူးခြင်း ဖြစ်သည်။ သင်္ဘောဦးပိုင်းသည် သမားရိုးကျ ဒီဇိုင်းများနှင့် အထက်အောက် ပြောင်းပြန်ဖြစ်ပြီး ရေပြင်ကို ပိုမိုအင်အားကောင်းစွာ ထိုးခွဲနိုင်အောင် ဖန်တီးထားသည်။

သင်္ဘောကိုယ်ထည်၏ ခပ်ချွန်ချွန် ထောင့်ချိုးများက ရန်သူ့ရေဒါလှိုင်းများကို လမ်းကြောင်းပြောင်းလဲ သွေဖယ်သွားစေမည် ဖြစ်သည်။ သင်္ဘော၏ ရေဒါနှင့် အင်တင်နာများကို ကိုယ်ထည်အတွင်း သိုဝှက်ထားသည်။

USS Zumwaltသည် အမေရိကန် ရေတပ်ရှိ အခြားသင်္ဘော အားလုံးနှင့် သိသိသာသာ ပုံစံကွဲပြားနေပြီး ကိုယ်ထည် တည်ဆောက်ရာတွင်လည်း သန့်စင်သည့် အထူးအားဖြည့် ကာဘွန်ဖိုင်ဘာကို အဓိက အသုံးပြုထားကြောင်း သိရှိရသည်။

Ref: Daily Mail

No comments:

Post a Comment