Tuesday 8 December 2015

ဈေးမတည်ငြိမ်မှုကြောင့် စိုးရိမ်စိတ်ဖြင့် စိုက်ပျိုးနေရကြောင်း ကြက်သွန်စိုက် တောင်သူများပြောကြား

အောင်လံနှင့် သရက်မြို့နယ်တို့တွင် ဆောင်းကြက်သွန်များ စတင် ရေသွင်းစိုက်ပျိုး နေသော်လည်း ဈေးမတည်ငြိမ်မှုကြောင့် စိုးရိမ်စိတ်ဖြင့် စိုက်ပျိုးနေရကြောင်း ကြက်သွန်စိုက် တောင်သူများကပြောသည်။‘‘အခုဖြစ်နေတဲ့ဈေးကြောင့် ကြက်သွန်စိုက်သူတိုးလာတယ်။ နဂိုစိုက်သူတွေကလည်း တိုးစိုက် ကြတယ်။ ဒါပေမဲ့ ကိုယ့်ကြက်သွန်ပေါ်ချိန်ကျတော့ဈေးကပြုတ် ပြုတ်ကျနေတာများတယ်။ အခုသာ ဈေးကောင်းတာ။ ပေါ်ချိန်ကျဈေး အဆမတန်ကျသွားမှာ စိုးရိမ်တယ်လေ။ တထိတ်ထိတ်နဲ့ စိုက်နေရတာပဲ’’ ဟု ရွှေညောင်ပင် ကျေးရွာမှ ကုန်းကြက်သွန်စိုက်တောင်သူ ကိုလှိုင်ကျော်မြင့်က ပြောသည်။

ယခင်နှစ်များက ဆောင်း ကြက်သွန် ပေါ်ချိန်တွင် ကုန်း ကြက်သွန်တစ်ပိဿာလျှင် ကျပ် သုံးရာ့ငါးဆယ်ဈေးဖြင့်အမြင့်ဆုံး ရောင်းချခဲ့ရပြီး ပုံမှန်အားဖြင့် ကျပ်တစ်ရာမှ တစ်ရာ့ငါးဆယ်ဈေးသာ အများဆုံး ရလေ့ရှိကြောင်း တောင်သူများကပြောသည်။

ချောင်းခုံအတွင်း စိုက်ပျိုးခဲ့ သည့် ကြက်သွန်ခင်းများသည် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပြီးချောင်းရေကျ၍ စိုက်ခင်းပျက်စီးမှုများကြုံခဲ့ရသဖြင့် အရှုံးပေါ်သည့်နှစ်များခဲ့ကြောင်း တောင်သူဒေါ်လဲ့လဲ့မွန်က ပြောသည်။

လက်ရှိဈေးနှုန်းမြင့်တက်နေ မှုသည် ကြက်သွန်စိုက်သက်တမ်း အတွင်း မကြုံဖူးသော ဈေးဖြစ် သော်လည်း ကြက်သွန်ပေါ်ချိန် တွင် ကျပ်၅၀၀ ခန့်ဈေးဖြင့်ရောင်း ချရမည်ဆိုပါက တွက်ခြေကိုက်နိုင်ကြောင်း ၎င်းကဆိုသည်။

စိုက်ပျိုးရေးသုံး ဆေးဝါးဈေး မြင့်တက်ခြင်းနှင့် လုပ်သားရှားပါးခြင်းကြောင့် ကုန်းကြက်သွန်နီတစ်ဧကလျှင် ကျပ်ငါးသိန်းခန့်ကုန်ကျမှုရှိနေကြောင်း သရက်မြို့နယ် စမ်းအိုင့်ကျေးရွာမှ ကြက်သွန်စိုက်တောင်သူ တစ်ဦးက ပြော သည်။ ယခု ရက်ပိုင်းများတွင် အောင်လံ ကြက်သွန်ဈေးသည် အရွယ်အစားအလိုက် တစ်ပိဿာလျှင် ကျပ်ငါးထောင်မှ ကျပ် ခြောက်ထောင်အထိ စံချိန်တင် မြင့်တက်နေသည်။

No comments:

Post a Comment