Friday 27 November 2015

သုဝဏ္ဏဘူမိမြို့ဟောင်းကို ကျပ်သိန်းတစ်ထောင် အကုန်အကျခံ၍ပြန်လည်တူးဖော်မည်

တူးဖော်မှုများ ရပ်နားထားသော သုဝဏ္ဏဘူမိ မြို့ ဟောင်းကို ဘတ်ဂျက် ကျပ်သိန်းတစ်ထောင်ကျော် အသုံးပြုကာ တတိယ အကြိမ်ပြန်လည်တူးဖော် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းကို သုံးကြိမ်တိုင် တူးဖော်ခဲ့ပြီး ဘတ်ဂျက်အခက်အခဲကြောင့် ရပ်နားထားခဲ့ကာ လက်ရှိတွင် ပြည်ထောင်စုဘတ်ဂျက်၊ ပြည်နယ် အစိုးရဘတ်ဂျက် စုစုပေါင်း ကျပ်သိန်းတစ်ထောင်ကျော်ဖြင့် ယခုတစ်ပတ်အတွင်းမှာပင် တူးဖော်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရှေးဟောင်း သုတေသနဌာနခွဲမှ အရာရှိတစ်ဦးက ပြောသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့ နှင့် ဘီးလင်းမြို့ကြားရှိ ကေလာသတောင်အနီးတွင် တူးဖော်မှုပြုလုပ်မည်ဖြစ်ပြီး ပြည်တွင်းရှိပညာရှင်များ၊ လေ့လာသူများ၊ ရှေးဟောင်းသုတေသနကျောင်းသားများနှင့် ပူးပေါင်းလုပ်ဆောင် မည် ဟု ဆိုသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းကို ၁၉၇၄နှင့် ၂၀၁၃ တို့တွင်  နှစ်ကြိမ်တိုင် တူးဖော်ခဲ့ပြီး မြို့ရိုးနှစ်မိုင်အထိ တူးဖော်ထားရှိပြီဖြစ် ကြောင်း ရှေးဟောင်း သုတေသန ပညာရှင် ဦးစံဝင်းက ဆိုသည်။ ယခုတတိယအကြိမ် တူးဖော်မှုတွင် မိုးမကျမီက ရှေးဟောင်းလုပ်ငန်းများ မရပ်တန့်သည့်အချိန်အတွင်း တောင်ကုန်း ခြောက်ခု ၌ အပြီးသတ်နိုင်မည် ဟု ခန့်မှန်းထားပြီးဖြစ်ကြောင်း သိရသည်။

‘‘ပုဂံခေတ်ထက် ရှေးကျတဲ့လက်ရာမျိုး တစ်တောင်အပြည့် လက်ရေးစင်းအုတ်ချပ်တွေ တွေ့ရပြီ။ ပုဂံခေတ်ထက် စောတယ်။ ကျန်တဲ့ နန်းတော်၊ ဘုရင်၊ ကျောက်စာ အထောက်အထား ခိုင်ခိုင်မာမာတွေ့ဖို့ တူးဖော်ရဦး မယ်’’ဟု ဦးစံဝင်းက ပြောသည်။

ရပ်နားထားသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း ကြားကာလများတွင် ထိန်းသိမ်းရေးများ ဆောင် ရွက်ခဲ့ပြီး နိုင်ငံခြားဓာတ်ခွဲခန်းများသို့ စစ်ဆေးရန် ပေးပို့ရမည့် အုတ်နမူနာလည်း ရှိနေသေးကြောင်း မွန်ပြည်နယ် သုဝဏ္ဏဘူမိမြို့ဟောင်း ထိန်းသိမ်းရေးအဖွဲ့ဝင် တစ်ဦးကပြော သည်။

၁၉၇၄ တွင် စတင်တူးဖော်ခဲ့သော သုဝဏ္ဏဘူမိမြို့ဟောင်း စီမံကိန်းသည် ၁၉၇၈ ၌ ရပ်ဆိုင်းထားခဲ့ပြီး ၂၀၁၃ တွင် ဘတ်ဂျက်ကျပ်သိန်း ၃၀၀ ကျော်ဖြင့် ထပ်မံတူးဖော်ခဲ့သည်။ ယခုပြန် လည်တူးဖော်မှုတွင် ဘတ်ဂျက်ကျပ် သိန်းတစ်ထောင်ကျော် အသုံးပြုထားပြီး ယခင်ကထက် ပိုမိုခိုင်မာသော သမိုင်း အထောက်အထားများ တူးဖော်နိုင်ရန် မျှော်လင့်ကြောင်း မွန်ပြည်နယ်ရှေးဟောင်းသုတေသနဌာနခွဲမှ အရာရှိတစ်ဦးက ပြောသည်။

7Day Daily 

No comments:

Post a Comment