Friday 27 November 2015

ကာမလိမ်လည်ယူထားသူက နစ်နာကြေးပေးထားသည့်မြေကွက်အတွင်း ပြန်လည်နေထိုင်မှုကြောင့် ဆန္ဒပြမည်

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် မုံတော(မြောက်)ကျေးရွာအုပ်စု သဲကုန်းကြီး ကျေးရွာတွင် အသက် ၁၆ နှစ်အရွယ် ဆွံ့အနားမကြား အမျိုးသမီးကို ကာမလိမ်လည်ရယူမှုကြောင့် နစ်နာကြေးအဖြစ် ပေးအပ် ထားသော မြေကွက်အတွင်း တရားခံက ထောင်မှလွတ်လာချိန်တွင် ပြန်လည်နေထိုင်နေသောကြောင့် တားဆီးပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများကို ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း အဆိုပါအမျိုးသမီး၏ မိခင်ဖြစ်သူက ပြောကြားသည်။

ယင်းသို့ နေထိုင်နေမှုကို တားဆီးပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက် ပေးခြင်း မရှိသောကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက အဆိုပါဆွံ့အနားမကြား အမျိုးသမီးငယ်ကို တစ်ရွာတည်းနေ အသက် ၄၀ အရွယ်အိမ်ထောင်သည်အမျိုးသား ဦးကျော်နိုင်က ကာမလိမ်လည်ရယူခဲ့သောကြောင့် ခင်ဦးမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ပြီး တရားလိုတို့ကို နစ်နာကြေးအဖြစ် တရားခံပိုင် ပေ ၄၀ ပတ်လည်ခန့်ရှိသော မြေကွက်ပေးစေခဲ့ကြောင်း မိခင်ဖြစ်သူဒေါ်တင်ဌေးက ရှင်းပြသည်။

ယင်း ဦးကျော်နိုင်သည် ထောင်ဒဏ်ပြည့်၍ ပြန်လည်လွတ်မြောက်လာချိန်တွင် တရားလိုသို့ ပေးအပ်ခဲ့ ရသော မြေကွက်အတွင်း ပြန်လည်၍ အိမ်ဆောက်နေထိုင်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးသို့ တားဆီး ပေးရန် တိုင်ကြားခဲ့သော်လည်း မည့်သို့မျှဆောင်ရွက်ပေးခြင်းမရှိခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။
“ ခုက ကျွန်မသမီးလေးမှာ သူနဲ့ရခဲ့တဲ့ ကလေးလေးလည်း ရှိနေပြီ။ ဒီမြေကွက်ကိုလည်း ဒီကလေး ရှေ့ရေးအတွက်ပဲ ထားထားတာပါ။ ခုသူက မြေကွက်မှာ ဝန်းခတ်ပြီး အိမ်သေးသေးလေးဆောက်နေတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး တိုင်တော့လည်း ဘာမှလုပ်မပေးဘူး။ မြို့တော်ဝန်ထိ အဆင့်ဆင့်တိုင်ပြီးပြီ၊ ဘယ်သူမှ ဘာမှ လုပ်မပေးဘူး”ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စကို မမျှမတ ဆုံးဖြတ်ခဲ့ပြီး တရားခံက မြေအကွက်အတွင်း ပြန်လည်နေထိုင်မှုအပေါ် တားဆီးမပေး သည့် ခင်ဦးမြို့နယ်တရားရုံးကို ဆန္ဒပြသွားမည်ဖြစ်ပြီး ဆန္ဒပြမည့်အချိန်ကိုတော့ အတိအကျ မသတ်မှတ်ရ သေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီတရားခံက ထောင်ဒဏ်တစ်နှစ်ကျခံခဲ့ရတာပါ။တကယ်တမ်းသူ့အပြစ်က ဒီလောက်မကပါဘူး။ သူ့ကို တရားစွဲခဲ့တာကလည်း မုဒိမ်းမှုနဲ့ပါ။ ပြုကျင့်ခံရသူဟာ ဝေဒနာသည်လည်းဖြစ်တယ်။ အသက်မပြည့်သေး သူလည်း ဖြစ်ပါတယ်။ ဒီအမှုကို အမိန့်ချခဲ့တဲ့ တရားသူကြီးက ပုဒ်မ ၄၁၇ ကာမလိမ်လည်မှုအဖြစ် ဆုံးဖြတ် ပြီး မမျှမတ ဆုံးဖြတ်ခဲ့တာပါ။ တရားဥပဒေကို ဘောင်ကျော်ပြီး ဆုံးဖြတ်ခဲ့တာပါ”ဟု ယင်းကိစ္စကို ကူညီ ဆောင်ရွက်ပေးနေသည့် စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်သူများ အဖွဲ့ အဖွဲ့ဝင် ဦးတင်အုန်းကျော်က ဆိုသည်။

ယင်းကဲ့သို့ နစ်နာကြေးပေးထားသည့် မြေကွက်အတွင်းဝင်ရောက်နေထိုင်မှုနှင့်ပတ်သက်၍ ခင်ဦးမြို့နယ် တရားရုံးက ဆောက်ထားသောနေအိမ်ကို ဖယ်ရှားပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါအမှုကို စစ်ဆေးနေသည့် ခင်ဦးမြို့နယ်ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ပြောကြားသည်။

“ဆောက်နေတဲ့အိမ်က တဲသာသာအိမ်လေးပါပဲ။စည်းကမ်းအရတော့ သူတို့ကနေခွင့် မရှိတော့ဘူးပေါ့။ တရားရုံးကလည်း ဖယ်ခိုင်းတယ်။ သူတို့က နေစရာမရှိလို့ သူတို့မောင်နှမနှစ်ယောက် အတင်းဝင်နေတာလို့ပဲ သိရတယ်။ ကျွန်တော်တို့မှာလည်း ဆွဲထုတ်ခွင့် မရှိဘူးဗျ။အမှုလည်းဖွင့်ထားပြီး ဆိုတော့ တရားရုံးကပဲ ဆုံးဖြတ်ပေးမှာပါ”ဟု ၎င်းက ထပ်လောင်းဆိုသည်။

ယင်းသို့ ဝင်ရောက်နေထိုင်ခြင်းကို ပိုင်နက်ကျူးကျော်မှု ပုဒ်မ ၄၄၇ ဖြင့် နိုဝင်ဘာလ ၄ ရက်နေ့က ခင်ဦးမြို့မ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း အဆိုပါအမှုကို စစ်ဆေးနေသော ရဲအုပ်ဝင်းစိုးက အတည်ပြုပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment