Monday 6 July 2015

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ မဲစာရင်းနှင့် ပတ်သက်၍ နေပြည်တော်၌ ဆွေးနွေးညှိနှိုင်းမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များသည် ဇူလိုင် ၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ၍ မဲစာရင်းနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် NLD ဗဟိုအလုပ် အမှုဆောင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးထွန်းထွန်းဟိန်၊ ဦးဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်တို့ ပါဝင်မည် ဖြစ်ကြောင်း NLD ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်သူ ဦးထွန်းထွန်းဟိန်က ပြောကြား သည်။

ဦးထွန်းထွန်းဟိန်က “မနက်ဖြန် နေပြည်တော်မှာ တွေ့မှာပါ။ မဲစာရင်းကိစ္စကို အဓိက ဆွေးနွေးသွားမှာပါ။ ကျွန်တော်တို့ သုံးမျိုးတင်မယ်။ တစ်ခုကတော့ တွေ့ရှိချက်ဆိုပြီး တင်ပါ့မယ်။ နောက်တစ်ခုက သူတို့နဲ့ ကျွန်တော်တို့ကြား ဆွေးနွေးဖို့ပေါ့။ နောက်ပြီးတော့ ကန့်ကွက်တယ်ဆိုတဲ့ ဟာတွေ တင်ပါ့မယ်” ဟု ဇူလိုင် ၅ ရက်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့အကြား မဲစာရင်းကိစ္စ ဆွေးနွေးရာတွင် တင်ပြနိုင်ရေးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းအတွင်းရှိ NLD မြို့နယ် မဲစာရင်းစိစစ်ရေး အဖွဲ့ခေါင်းဆောင်များနှင့် NLD ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့တို့သည် ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံ ၍ ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန် ၂၀ ရက်နှင့် ၂၁ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် NLD ပထမအကြိမ် ဗဟို ကော်မတီ ပဉ္စမအစည်းအဝေးတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေး၊ နိုင်ငံ သား များ၏ အခွင့်အရေးများ ကာကွယ်နိုင်ရေးတို့အတွက် မဲစာရင်းစိစစ်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီး တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်း ဖြစ်ပေါ်ရေး ရွေးကောက်ပွဲ ကော်မရှင် နှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ရန် လုပ်ငန်းစဉ် ချမှတ်ခဲ့သည်။

အခြေခံမဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့ အစည်းများနှင့် မဲဆန္ဒရှင်များမှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြပါရန်နှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများအား ကြိုဆိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇွန် ၁၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

မဲစာရင်းများ စိစစ်ရာတွင် ပြည်သူလူထု၏ စိတ်ဝင်စားမှု အလွန်နည်းပါးနေပြီး မဲစာရင်းများ မှန်ကန်ရေး အတွက် သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲ အသီးသီး၏ ပူးပေါင်းကူညီ ဆောင်ရွက်မှုလည်း လိုအပ်နေ သည်ဟု မဲစာရင်းစိစစ်ရေး ပြုလုပ်နေသည့် နိုင်ငံရေးပါတီနှင့် မဲဆန္ဒရှင် ပညာပေးခြင်းများ ဆောင်ရွက်နေ သည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ပြောကြားသည်။

‪‎Eleven‬ Media Group 

No comments:

Post a Comment