Monday 6 July 2015

ကျောင်းသားများကို အစိုးရက ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည့် ကြားမှပင် 7 July အခမ်းအနား သမဂ္ဂမြက်ခင်းပြင်၌ ပြုလုပ်မည်

ကျောင်းသားများကို အစိုးရက ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည့် ကြားကပင် တကသများက ဦးဆောင်ပြီး ဆဲဗင်းဇူလိုင်အခမ်းအနားကို သမဂ္ဂမြက်ခင်းပြင်၌ ပြုလုပ်သွားမည်ဟု တကသ ကျောင်းသား များထံမှ သိရသည်။

ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရက ရန်ကုန်တက္ကသိုလ် အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်ဆီးခဲ့သော ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်၏ (၅၃) နှစ်မြောက် နှစ်ပတ်လည် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဇူလိုင် ၇ ရက် ညနေ ၃ နာရီတွင် တကသ ကျောင်းသားများက စံရိပ်ငြိမ်မှတ်တိုင်မှစ၍ ရန်ကုန်တက္ကသိုလ် အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံ တည်ရှိခဲ့ရာ သမဂ္ဂမြက်ခင်းပြင်ရှေ့သို့ လမ်းလျှောက်သွားပြီး ဂါရ၀ပြု အစီအစဉ်များ ပြုလုပ် သွားမည်ဟု သိရသည်။

လက်ရှိအချိန်တွင် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးရေး တောင်းဆိုမှုကြောင့် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှ ဗကသ ကျောင်းသားများမှာ သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး နိုင်ငံအနှံ့အပြားရှိ ကျောင်းသားများမှာလည်း ယင်းပညာရေးဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒပြမှုကြောင့် တရားရင်ဆိုင်ရမှုများ၊ ထွက်ပြေးတိမ်းရှောင်နေရမှုများ၊ ဖမ်းဆီးထောင်ချခံရမှုများ ရှိနေသည်။ အနီးစပ်ဆုံး ဖြစ်စဉ်မှာ ဇူလိုင် ၂ ရက်က တကသကျောင်းသား ကိုပိုင်ရဲသူကို အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ကျန်တကသ ကျောင်းသား နှစ်ဦးဖြစ်သည့် ကိုဇေယျာလွင်နှင့် ကိုနန်းလင်းတို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားသည်။

“ကျောင်းသားသမိုင်းမှာတော့ ဆဲဗင်းဇူလိုင်ဟာ မေ့မရတဲ့ ဖြစ်ရပ်ကြီးပါပဲ။ ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့ စစ်တပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်ပြီးတော့ လက်နက်နဲ့ အင်အားသုံးပြီး တိုင်းပြည်အာဏာကို သိမ်းယူခဲ့တယ်။ အာဏာသိမ်းပြီး မကြာခင်မှာပဲ ကျောင်းသားတွေကို နှိမ်နှင်းအရေးယူတယ်။ ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်ဆီးခဲ့တယ်။ ဒီမေ့မရတဲ့ ဖြစ်ရပ်တွေအတွက် ကျွန်တော်တို့ ကျောင်းသား တွေ ၀မ်းနည်းခြင်း အထိမ်းအမှတ် လုပ်မှာပါ။ အခု အချိန်မှာလည်း ကျောင်းသားတွေဟာ တရားစွဲ ထောင်ချခံနေရသေးသလို စစ်တပ်ဟာလည်း လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ယူထားပြီး ဗိုလ်ကျနေ တုန်းဆိုတာ တွေ့ရပါတယ်” ဟု တကသကျောင်းသား ကိုဇေယျာလွင်က ဆိုသည်။

တော်လှန်ရေး ကောင်စီအစိုးရ (ဗိုလ်ချုပ်နေ၀င်းအစိုးရ) သည် ၁၉၆၂ ခုနှစ် ဇွန်လတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများအား ချုပ်ချယ်ထားသော ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ကို ထုတ်ပြန်ခဲ့သောကြောင့် ကျောင်း သား များ၏ ဆန္ဒပြတောင်းဆိုမှုကို အစိုးရက လိုက်လျောမပေးဘဲ ဇူလိုင် ၈ ရက် နံနက် ၃ နာရီအချိန်၌ ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုပါ ဗုံးခွဲဖျက်ဆီးခဲ့ပြီး ကျောင်းသားများ သေဆုံးခဲ့ရ သည်။

‎Eleven‬ Media Group 

No comments:

Post a Comment