Monday 6 July 2015

နမ္မတူမြို့ အခြေစိုက် တပ်စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်၍ ဒုအရာခံ ဗိုလ်တစ်ဦး သေဆုံး

ရှမ်းပြည်နယ် နမ္မတူမြို့နယ် အခြေစိုက် တပ်မတော်စခန်းကို ဇူလိုင်လ ၅ ရက်နေ့တွင် လက်နက်ကိုင်အဖွဲ့ တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒုတိယအရာခံဗိုလ် အဆင့်ရှိ အရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တပ်တွေ ရှေ့တန်းထွက်ချိန်မှာ အလစ်ဝင်ပြီး ဌာနချုပ်ကို ဝင်ပစ်တာ။ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA လို့ သိရပါတယ်။ အခုနောက်ကနေ တပ်ရင်းတစ်ခုက နယ်မြေရှင်းလင်းရေး လိုက်လုပ်နေတယ်။ လောလော ဆယ်တော့ တိုက်ပွဲမဖြစ်ဘူး။ ညကတော့ ပစ်ခတ်မှု နည်းနည်းရှိတယ်” ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိတစ်ဦးက ပြောသည်။

နမ္မတူမြို့အခြေစိုက် ခမရ (၃၂၄) ကို လက်နက်ကိုင်အဖွဲ့ ဝင်ရောက်ပစ်ခတ်ခြင်း ခံရပြီးနောက် ယင်းဒေသ တစ်ဝိုက်ကို ခမရ (၇) က နောက်မှလိုက်ကာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေကြောင်း မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်ထံမှ သိရှိရသည်။

ယင်းဒေသတစ်ဝိုက်တွင် တအာင်းလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားမှုများရှိပြီး ကျေးရွာများတွင် ဒေသခံ အသွင်ဆောင်ကာ လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်လှုပ်ရှားနေကြောင်း၊ ယင်းကြောင့် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ရာတွင် အခက်အခဲရှိကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက် ကျော်ထံ ဆက်သွယ်မေးမြန်းရာ “နမ္မတူမြို့နယ် တစ်ဝိုက်ကတော့ တအာင်းတပ်တွေ လှုပ်ရှားတဲ့ နယ်မြေ တွေ ပါ။ ညက တိုက်ပွဲဖြစ်တယ်လို့တော့ ကြားတယ်။ ကျွန်တော်တို့က သွားတိုက်တယ် ဆိုတာမျိုးတော့ မရှိဘူး။ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ပြန်ခုခံတာမျိုးပဲ ရှိတယ်” ဟု ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း တပ်မတော်နှင့် TNLA အဖွဲ့တို့အကြား ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရှိရသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင်လည်း မူဆယ်မြို့ နယ်စပ်ကုန်သွယ်ရေးစခန်း အနီးတွင် လက်နက် ကိုင် တပ်ဖွဲ့အချို့ လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်မှုများ ရှိကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောဆိုထားသည်။

The Voice Weekly 

No comments:

Post a Comment