Thursday 2 July 2015

ဆီနိုင်းကျွန်းဆွယ်ကို အိုင်အက်စ်တို့ တိုက်ခိုက်မှု အမြစ်ပြတ် ချေမှုန်းတုံ့ပြန်ရန် အီဂျစ်လိုလား

ဆီနိုင်းကျွန်းဆွယ်ဒေသတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ တပ်ဖွဲ့များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုနှင့် ကြုံခဲ့ရသည့်နောက် အဆိုပါ ဒေသရှိ အိုင်အက်စ်ဘက်တော်သားများကို အမြစ်ပြတ်အောင် ချေမှုန်းသွားမည်ဟု အီဂျစ် အစိုးရက ကြေညာခဲ့သည်။

ဇူလိုင် ၁ ရက်တွင် စစ်သွေးကြွ အကြမ်းဖက်သမားများ၏ ရုတ်တရက် ထိုးစစ်ဆင်မှုကြောင့် အီဂျစ်စစ်သား ၁၇ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့သည်။ အီဂျစ်စစ်တပ်က ၎င်းတို့သည် အကြမ်းဖက်သမား ၁၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း ကြေညာသည်။ ဆီးရီးယားနှင့် အီရတ်တို့တွင် အခြေစိုက် လှုပ်ရှား နေသည့် အိုင်အက်စ်တို့က အဆိုပါ ထိုးစစ်ဆင်မှုကို မိမိတို့ ဖန်တီး ကြိုးကိုင်ကြောင်း သတင်းထုတ်ပြန် ခဲ့သည်။

အကြမ်းဖက်သမားများသည် တစ်ပြိုင်တည်းနီးပါး အချိန်ကိုက် လှုပ်ရှားလာသည့် ထိုးစစ်ဆင်မှု ၅ ခုမျှကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရှိတ်ခ်ဇူဝိတ်ဒ်နှင့် ရာဖားတို့ရှိ စစ်ဘက်ဆိုင်ရာ စစ်ဆေးရေး ဂိတ်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်တပ်တွင် ၁၇ ဦး အကျအဆုံးရှိကြောင်း သတင်း ထုတ်ပြန် ထားသော်လည်း ဒေသခံ သတင်းများကမူ ယင်းထက် ပိုမို၍ အသေအပျောက် ရှိလိမ့်မည်ဟု ခန့်မှန်း ဖော်ပြကြသည်။

အိုင်အက်စ်တို့သည် ဆီနိုင်းသို့ ထိုးဖောက် စိမ့်ဝင်ပြီး ဌာနခွဲတစ်ခု စတင်ထူထောင်ထားပြီဟု ယုံကြည် ရသော်လည်း ယခုဖြစ်ရပ် မတိုင်မီက ထိုမျှလောက် ကြီးမားသည့် တိုက်ခိုက်ရန်လိုမှု မရှိခဲ့သေးချေ။ စစ်သွေးကြွများနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်သည်အချို့ သေဆုံးခဲ့သည့်နောက် ဆီနိုင်း ကျွန်းဆွယ်တွင် အောက်တိုဘာလ ကတည်းက အရေးပေါ် နေဝင်မီးငြိမ်း အမိန့်ကို ထုတ်ပြန်ကာ လုံခြုံရေး တင်းကျပ်ထားပြီး ဖြစ်သည်။ 

အီဂျစ်စစ်တပ်က ဇူလိုင် ၁ ရက်၊ ဆီနိုင်းမြောက်ပိုင်း၌ မိမိတို့သည် အကြမ်းဖက်သမား ၁၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့ပြီး အမြောက်အမြားကို ထိခိုက် ဒဏ်ရာရသွားအောင် တွန်းလှန် တိုက်ခိုက်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ညပိုင်းတွင်မူ စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အဆိုပါ ဒေသကို အီဂျစ်အစိုးရ တပ်များက ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ပြန်လည် ထိန်းချုပ်ထားလိုက်ပြီး အကြမ်းဖက်သမားများသည် ရှိတ်ခ်ဇူဝိတ်ဒ်မှ ပြန်လည် ဆုတ်ခွာသွားကြောင်း ပြောကြားခဲ့သည်။

မြို့စောင့်တပ်မှူး မိုဟာမက် ဆာမားက “မြေပြင်တပ်တွေက အခြေအနေကို လုံးဝဥဿုံ အပြည့်အဝ ထိန်းချုပ်ထားလိုက်ပါပြီ။ ကျွန်တော်တို့ရဲ့ ပိုင်နက်တွေကို ပြန်သိမ်းယူထားပြီးတဲ့နောက် အခြေအနေတွေကို စစ်ဆေးဖို့ အဖွဲ့တွေ လွှတ်ထားပါတယ်”ဟု ဆိုသည်။ မျက်မြင်များက အကြမ်းဖက်သမားများသည် အသေခံ ကားဗုံးခွဲမှုများ၊ RPG လောင်ချာများကို အသုံးပြုကာ ရှိတ်ခ်ဇူဝိတ်ဒ်မှ ရဲစခန်းတစ်ခုနှင့် စစ်ဘက် စစ်ဆေးရေးဂိတ်စခန်းများကို တိုက်ခိုက်ခဲ့ခြင်းဟု ပြောကြားခဲ့ကြသည်။

အီဂျစ်အစိုးရသည် အဆိုပါ ဖြစ်ရပ်အပြီးတွင် ဆီနိုင်းကျွန်းဆွယ် လုံခြုံရေးကို အားဖြည့်ရန်အတွက် F-16 တိုက်လေယာဉ်များကို အဆိုပါ ဒေသသို့ စေလွှတ်ခဲ့သည်။ အီဂျစ်အစိုးရသည် ယခုတိုက်ခိုက်မှုနှင့် စပ်လျဉ်းပြီး ဆီနိုင်းရှိ အိုင်အက်စ် သစ္စ်ာတော်ခံ အကြမ်းဖက် အဖွဲ့များကို အဆုံးတိုင် လိုက်လံ ချေမှုန်းသွား မည်ဟု သံန္နိဋ္ဌာန် ချထားကြောင်း ကြေညာသည်။ 

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အိုင်အက်စ် အကြမ်းဖက်သမားများ၏ ရန်လိုသတ်ဖြတ် မှုကြောင့် ကျဆုံးခဲ့သည့် အီဂျစ်စစ်သားများအတွက် အီဂျစ်အစိုးရ၊ အီဂျစ်ပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း သတင်းစကား ပေးပို့ခဲ့သည်။ ၎င်းက “အခုဆိုရင် အိုင်အက်စ်ဟာ ကျွန်တော်တို့ရဲ့ နယ်မြေ ဂိတ်တံခါးဝ ရောက်လာတာကို မြင်နေရပြီ။ ဂိုလန်ကုန်းမြင့်ဒေသရဲ့ နယ်နမိတ်ကို ကျော်ဖြတ်ပြီး အီဂျစ်ကို ကူးစက်လာပြီ။ ကျွန်တော်တို့ အနေနဲ့ အီရန်နဲ့၊ အိုင်အက်စ်က ဦးဆောင်တဲ့ စစ်သွေးကြွ အစ္စလာမ်မစ် အစွန်းရောက် ဝါဒတွေကို တိုက်ဖျက်ဖို့ လိုပါတယ်”ဟုလည်း ပြောကြားခဲ့သည်။

ဆီနိုင်းကျွန်းဆွယ်တွင် အိုင်အက်စ်တို့ စတင်လှုပ်ရှားလာသည့် အောက်တိုဘာလမှ စတင်ကာ စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ကင်းလှည့်မှုများကို အဆင့်မြှင့် ကြပ်မတ်ထားခဲ့ကြောင်းလည်း သိရှိရသည်။ 

_Ref: BBC

No comments:

Post a Comment