Friday 31 July 2015

စစ်တပ်ဟာ နိုင်ငံရဲ့အစေခံဖြစ်ရမယ်

တိုင်းရင်းသား ပြည်သူ လူထုသည် တိုင်းပြည်၏ အရှင်သခင်ဖြစ်မည်ဆိုလျှင် ဒီမိုကရေစီအခြေခံအုတ်မြစ်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ရေရှည်တည်တံ့ အားကောင်းမောင်းသန်မည်ဖြစ်သည်။ စစ်တပ် (တပ်မတော်) သည် တိုင်းပြည်၏ အစေခံဖြစ်ရ မည်ဟု တပ်မတော်ဖခင်ကြီး ဗိုလ် ချုပ်အောင်ဆန်းက လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ကတည်းက မိန့်ကြားခဲ့ပြီးဖြစ်သည်။ စစ်တပ် (တပ်မတော်)အနေဖြင့် တိုင်းရင်း သားပြည်သူလူထုကို အရှင်သခင် အဖြစ်လည်းကောင်း၊ မိမိကိုယ် ကိုယ် အစေခံအဖြစ်လည်းကောင်း သတ်မှတ်နိုင်ရမည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လျှင် ၁၉၆၂ ခုနှစ် မတ် လ ၂ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် တိုင်းရင်းသား ပြည်သူလူထုနှင့် စစ်တပ် (တပ် မတော်)အကြား ဆက်ဆံရေး တစ်နည်းအားဖြင့် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးသည် တစ်စ ထက်တစ်စကျိုးပဲ့လာခဲ့သည်။ တစ်ပါတီအာဏာရှင်စနစ်၊ မြန်မာ့ နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စီး ပွားရေးစနစ်၏ ကမောက်ကမဖြစ် မှုများနှင့် ဖိနှိပ်ချုပ်ချယ်ညှဉ်းပန်း နှိပ်စက်မှုများအောက်တွင် အရပ် ဘက်၊ စစ်ဘက်ဆက်ဆံရေး သည် အဆိုးဆုံးအနေအထားသို့ ရောက်ရှိခဲ့သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး အလယ် စစ်တပ် (တပ်မတော်) အာဏာသိမ်းယူမှုသည် ဆိုးရွား နေဆဲ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးကို ပိုမိုကမောက်ကမ ဖြစ်စေခဲ့သည်။ စစ်တပ် (တပ် မတော်)အစိုးရ၏ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲရလဒ်ကို အသိအမှတ် ပြုလျက် တိုင်းပြည်အာဏာလွှဲ ပြောင်းပေးရန် ပျက်ကွက်ခဲ့မှု သည်လည်း အရပ်ဘက်၊ စစ် ဘက်ဆက်ဆံရေးကို မြင့်မြင့်မား မားထိခိုက်ပွန်းပဲ့စေခဲ့သည်။

သမိုင်းဆိုင်ရာအထောက် အထားများအရ ကြည့်မည်ဆို လျှင် စစ်တပ် (တပ်မတော်)သည် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နှင့် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တို့တွင် တိုင်းရင်းသားပြည် သူလူထု၏ ဆန္ဒသဘောထားကို ဆန့်ကျင်လျက် တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေများကို ကျော်လွန် ကာ တိုင်းပြည်အာဏာကို သိမ်း ယူခဲ့ခြင်းဖြစ်သည်။ တစ်နည်း အားဖြင့် စစ်တပ် (တပ်မတော်) သည် တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေများကို ဖျက်သိမ်းလျက် အရှင်သခင်အဖြစ် ပြုမူခဲ့သည့် ခြေလှမ်းများဟု သတ်မှတ်နိုင်မည် ဖြစ်သည်။

စစ်တပ် (တပ်မတော်)ဖခင် ကြီးနှင့် အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် စစ်တပ် (တပ်မတော်)အနေဖြင့် တိုင်းရင်းသားပြည်သူလူထု (သို့ မဟုတ်) နိုင်ငံသူ၊ နိုင်ငံသားများ၏ အရေးကိစ္စကို မည်သည့် အခြေ အနေတွင်ဖြစ်စေ ဦးထိပ်ပန်ဆင် ရေး တိုက်တွန်းမှာကြားခဲ့သည်။ ၁၉၄၄ ခုနှစ် မတ်လ ၁၃ ရက်နေ့ ဗမာ့တပ်မတော်ဗိုလ်သင်တန်း ကျောင်းဆင်းပွဲနှင့် ဘွဲ့နှင်းသဘင် အပ်နှင်းပွဲတွင် ဗမာနိုင်ငံတော် စစ်သေနာပတိချုပ်ကြီး စစ်ဝန် ကြီး ဗိုလ်ချုပ်အောင်ဆန်းက ‘‘ငါ တို့စစ်တပ်ဟာ နိုင်ငံသူ၊ နိုင်ငံ သားတွေကို ညှဉ်းဖို့မဟုတ်။ လက် နက်အားကိုးတန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့အစေခံဖြစ်ရ မယ်။ နိုင်ငံဟာ စစ်တပ်ရဲ့အစေခံ မဖြစ်ရဘူး’’ဟု ပြတ်ပြတ်သား သားမိန့်ကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့် မှာချက်နှင့်အညီ စစ်တပ် (တပ် မတော်)ကို နိုင်ငံ၏ အစေခံအဖြစ် ပြုပြင်ပြောင်းလဲနိုင်မည်ဆိုလျှင် ကျိုးပဲ့ပွန်းရှဆဲ အရပ်ဘက်၊ စစ် ဘက်ဆက်ဆံရေးကို ပြန်လည် ကုစားနိုင်မည်ဖြစ်သည်။ အရပ် ဘက်၊ စစ်ဘက်ဆက်ဆံရေး သာ လွန်ကောင်းမွန်မှသာ မြန်မာနိုင်ငံ ၏ ဒီမိုကရေစီအပြောင်းအလဲ သည် အားကောင်းမောင်းသန် မည်ဖြစ်သည်။ စစ်တပ် (တပ် မတော်)၏ အစေခံဖြစ်နေဆဲ နိုင်ငံတိုင်းသည် အာဏာရှင်စနစ် အောက်တွင်သာရှိနေမည်ဖြစ်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး သည် နိုင်ငံရေးအရ ဟန်ပြသက် သက်၊ လီဆယ်မှုသက်သက်၊ အ ကွက်ဆင်မှု သက်သက်သာဖြစ် နိုင်ဖွယ်ရှိသည်။

ငါ့တို့စစ်တပ်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်။ လက်နက် အားကိုးတန်ခိုးပြဖို့ မဟုတ်ဆိုသည့် ဗိုလ်ချုပ်အောင် ဆန်း၏မိန့်မှာစကားနှင့်အညီ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံ ရေးကို ပြုပြင်ဖာထေးနိုင်မည်ဆို လျှင် အတိုင်းထက်အလွန်ဖြစ် သည်။ စစ်တပ် (တပ်မတော်) အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၁ ပါ နိုင်ငံ တော်တွင် နိုင်ငံတော်နှင့် နိုင်ငံ သားများအတွက် ဘေးအန္တရာယ် များကျရောက်လာလျှင် တပ် မတော်က ကူညီဆောင်ရွက်ရ မည်ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ ဘေးအန္တရာယ်များကို ထိထိ ရောက်ရောက် တိုင်းရင်းသား ပြည်သူလူထုကို မျက်နှာမူလျက် ကူညီဆောင်ရွက်ပေးနိုင်ရေး ရှေး ရှုသင့်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆(စ)ပါ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးဟူသည့် ပြဋ္ဌာန်းချက်ကို တိုင်းရင်းသား ပြည်သူလူထု၏ ဆန္ဒသဘောထား နှင့်အညီ အတည်ပြုခဲ့ခြင်းဖြစ် လျှင် စစ်တပ် (တပ်မတော်)သည် တိုင်းပြည်၏ အစေခံဖြစ်ရမည်ဆို သည့်အချက်နှင့် ကိုက်ညီမည်ဖြစ် သော်လည်း တိုင်းရင်းသားပြည် သူလူထု၏ ဆန္ဒသဘောထားနှင့် ကင်းလွတ်လျက် အတည်ပြုခဲ့ ခြင်းဖြစ်မည်ဆိုလျှင် စစ်တပ် (တပ်မတော်)သည် တိုင်းပြည်၏ အရှင် သခင်ဖြစ်ရမည်ဆိုသည့်ဘက်ကို ဦးတည်သွားနိုင်မည်ဖြစ်ပြီး ထိ လွယ်ရှလွယ်သော အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးသည် ပိုမိုကျိုးပဲ့ပျက်စီးလာနိုင်ခြေရှိသည်။

အရပ်ဘက်၊ စစ်ဘက်ဆက် ဆံရေး ပုံမှန်ပြန်ဖြစ်ရေးဘက် ဦးတည်စဉ်းစားမည်ဆိုလျှင် စစ် တပ် (တပ်မတော်)က အစိုးရများ၊ လွှတ်တော်များအပါအဝင် ယန္တ ရားအဆင့်ဆင့်၌ ပါဝင်နေမှုများကို တိုင်းရင်းသားပြည်သူလူထုကို မျက်နှာမူလျက် ပွင့်လင်း မြင်သာမှုရှိရှိ ကျောသားရင်သား မခွဲခြား ပြန်လည်သုံးသပ်ဆန်း စစ်ရမည်ဖြစ်သည်။ တိုင်းရင်း သားပြည်သူလူထုကို ကိုယ်စားပြု သည့် ခေါင်းဆောင်များ၊ ကိုယ် စားလှယ်များနှင့် စစ်တပ် (တပ်မတော်)အကြီးအကဲများအကြား ပွင့်လင်းမြင်သာမှုရှိရှိ၊ ရေရှည် အမြင်ရှိရှိ တွေ့ဆုံဆွေးနွေးမှုများ ကို ဖော်ဆောင်ရမည်ဖြစ်သည်။ ယုံကြည်မှုတည်ဆောက်ရေးနှင့် ပြန်လည် သင့်မြတ်ရေးအပေါ် အခြေခံလျက် သော့ချက်ခေါင်း ဆောင်များနှင့် ပုဂ္ဂိုလ်များအကြား တွေ့ဆုံဆွေးနွေးပွဲများ အလွန် ကာလတွင် သဘောတူညီချက် များနှင့် နိုင်ငံရေးလမ်းပြမြေပုံသစ် တို့ကို မဖြစ်မနေရုပ်လုံးဖော်ရမည် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် စစ် တပ် (တပ်မတော်)အနေဖြင့် တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူလူ ထု၏အကျိုးကို မျက်မှောက်ပြု လျက် တိုင်းပြည်၏ အစေခံဖြစ် နိုင်မည့် ဗျူဟာမြောက်ခြေလှမ်း များကို ဆောလျင်စွာလှမ်းရမည် ဖြစ်သည်။ စစ်တပ် (တပ်မတော်) သည် တိုင်းရင်းသားပြည်သူလူထု ကို အရှင်သခင်အဖြစ် သတ်မှတ်လျက် ပွန်းပဲ့ကျိုးရွဲ့နေဆဲ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးကို နိုင်ငံရေးသဘောတူညီချက် နိုင်ငံရေးလမ်းပြမြေပုံသစ်တို့နှင့်အတူ အလျင်အမြန်ခုန်ပျံ ကျော်လွှားကုစားနိုင်မှသာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် အားကောင်းမောင်းသန်မည်ဖြစ်ပါကြောင်း မီးမောင်းထိုး တိုက်တွန်းဆော်ဩလိုက်ရပါသည်။      ။
ဒေါက်တာ ရန်မျိုးသိမ်း
7 day

No comments:

Post a Comment