Monday 13 April 2015

ရုရှားသင်္ဘောနစ်မြုပ်မှုဖြစ်စဉ်တွင် အသက်ရှင်သူ မြန်မာသင်္ဘောသားများ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ


ရုရှားနိုင်ငံအရှေ့ဖျားပိုင်Okhotsk ပင်လယ်ပြင်အတွင်း ဧပြီ ၁ ရက် ညပိုင်းက နစ်မြုပ်သွားခဲ့သည့် ရုရှား ငါးဖမ်းသင်္ဘောDalniy Vostok မှ အသက်ရှင်ကျန်ရစ်သည့် မြန်မာသင်္ဘောသား ၂၂ ဦးမှာ ယနေ့ညပိုင်း တွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည်။

ပြန်လည်ရောက်ရှိလာသည့် မြန်မာသင်္ဘောသား ၂၂ ဦးအား ရုရှားနိုင်ငံတောင်ပိုင်း စာဟာလင်မှ တောင် ကိုရီးယားနိုင်ငံ အင်ချွန်မြို့၊ အင်ချွန်မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် မြန်မာသံရုံးနှင့် တာဝန်ရှိသူ များက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးဖမ်းသင်္ဘောသည် ဝန်ပိုတင်ဆောင်ခြင်းနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရပြီး သင်္ဘောပေါ်တွင် သင်္ဘောသား ၁၃၂ ဦး တာဝန် ထမ်းဆောင်လျက်ရှိရာ နစ်မြုပ်ချိန်တွင် သင်္ဘောသား ၆၃ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၅၄ လောင်း ဆယ်ယူရရှိကာ ၁၅ ဦးပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

သင်္ဘောသား ၁၃၂ ဦးတွင် ရုရှားနိုင်ငံသား ၇၈ ဦး၊ အခြားနိုင်ငံသား ၅၄ ဦးနှင့် မြန်မာနိုင်ငံသား ၄၂ ဦးပါဝင် ကြောင်းသိရသည်။

နစ်မြုပ်သွားသော ရုရှားငါးဖမ်းသင်္ဘောအား ပိုင်ဆိုင်သည့်Magellan Company က အသက်ရှင်လျက် ကျန် ရှိ သော မြန်မာသင်္ဘောသား ၂၂ ဦးအား တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃ ထောင်နှင့်ညီမျှသော ရူဘယ် ငွေကို လည်းကောင်း၊ သေဆုံးသွားသော မြန်မာသင်္ဘောသား ၁၆ ဦးနှင့် ပျောက်ဆုံးနေသော မြန်မာ သင်္ဘောသား လေးဦးတို့၏ မိဘ ဆွေမျိုးများအား အမေရိကန်ဒေါ်လာ တစ်သောင်း ငါးထောင်နှင့်ညီမျှသော ရူဘယ်ငွေ တို့ကိုလည်းကောင်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဆယ်ယူရရှိသည့် သေဆုံးသူ မြန်မာ သင်္ဘောသား ၁၆ ဦးတို့၏ ရုပ်အလောင်းများကို ဧပြီ ၁၅ ရက်တွင် စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment