Monday 13 April 2015

သင်္ကြန်အလွန်ကာလများတွင် ရခိုင်ကမ်းရိုးတန်း၌ အောင်တံခွန်နှင့် ဓည၀တီသင်္ဘောများ ပြန်လည်ပြေးဆွဲမည်



ပြန်လည်ပြုပြင်ရန်အတွက် ရပ်နားထားသော ဓည၀တီသင်္ဘောများကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ခိုင်ဖြိုး / RNA)

အောင်တံခွန်-၃ သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပြေးဆွဲလျက် ရှိသော ပြည်တွင်းရေကြောင်းပိုင် ခရီးသည်တင်သင်္ဘောများကို ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး သင်္ကြန် ကာလအပြီးတွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း(ရခိုင်ဌာနခွဲ) မှ သတင်းရရှိသည်။

ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော သင်္ဘောများအနက် အောင်တံခွန်-၇ သင်္ဘောနှင့် ဓည၀တီ-၁ သင်္ဘောတို့မှာ ပြင်ဆင်မှုများ ပြီးစီးခဲ့သဖြင့် ဧပြီ ၁၀ရက်နေ့မှ စတင်၍ ခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးခဲ့သော်လည်း ဧပြီ ၁၃ရက် (ယနေ့) မှ စတင်၍ ဧပြီ ၁၆ရက်နေ့အထိ သင်္ကြန်ကာလအတွင်း ခရီးစဉ်များကို ရပ်နားထားမည် ဖြစ်ကြောင်း သိရသည်။

“သင်္ဘောအတွင်းပိုင်းမှာရှိနေတဲ့ လိုအပ်တဲ့ အပိုင်းကလေးတွေကို ပိုပြီး Safety ဖြစ်အောင်၊ကြံ့ခိုင်သွား အောင် ပြုလုပ်ခဲ့တာဖြစ်တယ်”ဟု ပြည်တွင်းရေကြောင်းမှ လက်ထောက်ညွန်ကြားရေးမှူး ဦးထင်ကျော်က ပြောသည်။

မတ်လ ၁၃ရက်နေ့က ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာသော အောင်တံခွန်-၃ သင်္ဘော နစ်မြုပ်မှု အပြီး ရခိုင်ကမ်းရိုးတန်းတွင် ပြေးဆွဲနေသော ပြည်တွင်းရေကြောင်းပိုင် သင်္ဘောများကို ရပ်နား လိုက်ခြင်းကြောင့် သင်္ကြန်ကာလမတိုင်မီ ခရီးသည်သွားလာမှု များပြားချိန်တွင် အခက်အခဲများရှိခဲ့ကြောင်း သိရသည်။

ရေကြောင်းလမ်းခရီးဖြင့် အဓိကထား ဆက်သွယ်နေရသော ရခိုင်ပြည်နယ်တွင် သင်္ကြန်ကာလမတိုင်မီ နေရပ်ပြန်ကြသူအရေအတွက် များပြားသောကြောင့် ပုဂ္ဂလိကပိုင် အမြန်ရေယာဉ်များတွင် စီးနင်းသူ အရေအတွက် အလွန်များပြားခဲ့ကြောင်း ခရီးသည်များက ပြောသည်။

“ရှပ်ပြေးတွေမှာဆို လူနဲ့ကုန်တွေ အပြည့်ပဲ။ တောင်ကုတ်ကနေ ရမ်းဗြဲ၊ မာန်အောင်ဘက်သွားမယ့်သူတွေ၊ ကျောက်ဖြူ၊ စစ်တွေဘက် သွားမယ့်သူတွေ အများကြီးပဲ။ တစ်ချို့လဲ ရှပ်ပြေးမှာ လိုက်မရတော့လို့ ကား တစ်စီးလုံးကို စုပြီး ငှားလိုက်ကြတယ်။ တစ်ချို့ကြတော့လဲ ရှပ်ပြေးတွေမှာပဲ ရသလိုလိုက်သွားကြတယ်။ Safety ရှုထောင့်ကကြည့်ရင်တော့ အဲ့ဒီလို မသွားသင့်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့မှာ အဲ့ဒီလိုမှ မသွား ရင်လဲ အိမ်ရောက်တော့မှာ မဟုတ်ဘူး” ဟု ရန်ကုန်မြို့မှ စစ်တွေမြို့သို့ လာရောက်သည့် ခရီးသည် ကိုအောင်ကျော် ကပြောသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်အသီးသီးသို့ ပြန်ကြသည့် ခရီးသည် အရေအတွက် အလွန်များပြားသောကြောင့် ကားလက်မှတ် နှင့် လေယာဉ်လက်မှတ် မရရှိပါက တောင် ကုတ် မြို့သို့ တစ်ဆင့်သွားရောက်ပြီး ထိုမှတစ်ဆင့် သင်္ဘောဖြင့် ခရီးဆက်လေ့ရှိသည်။

သင်္ကြန်ကာလ ပြီးစီးပါက ဓည၀တီ-၁၊ ၂၊ ၃ သင်္ဘောသုံးစီး နှင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိ နေသော အောင်တံခွန်-၇ သင်္ဘောတို့သည် ရခိုင်ကမ်းရိုးတန်းတွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွား မည်ဖြစ်ပြီး၊ အောင်တံခွန်-၂၊ ၄၊ ၅ သင်္ဘောတို့မှာ ကြံ့ခိုင်မှုလုပ်ငန်းများ ပြီးစီးရန်အတွက် အချိန် လေးလခန့် ကြာမြင့်နိုင်ကြောင်း ပြည်တွင်းရေကြောင်း (ရခိုင်ဌာနခွဲ) မှ သိရသည်။

RakhineNewsAgency

No comments:

Post a Comment