Monday 13 April 2015

မဘိမ်းမြို့နယ်အတွင်း၌ တရားမ၀င်ကျွန်းသစ် ၂၇ တန်ခန့်အား တပ်မတော် စစ်ကြောင်းနှင့် ပြည်နယ် သစ်တောဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ မယ်ဇလီကျေးရွာအနီး တောအတွင်းတွင် တရားမ၀င်ခုတ်ယူထား သော ကျွန်းသစ် ၂၇ တန်ခန့်အား ဧပြီလ ၉ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းနှင့် ပြည်နယ်သစ်တော ဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

“လုံခြုံရေးအခြေအနေအရ သစ်တောဝန်ထမ်းတွေချည်းပဲ သွားလို့မဖြစ်နိုင် ဘူးလေ၊ ဒါကြောင့် လုံခြုံရေး လိုက်ပါပေးဖို့ တပ်မတော်စစ်ကြောင်းတွေကို အကူအညီတောင်းရတာပါ။ ကြိုတင်သတင်းရထားတဲ့ အတိုင်းပါပဲ။ တရားမ၀င်ကျွန်းသစ်တွေ ဖမ်းဆီးရမိခဲ့ပါတယ်” ဟု သစ်တောဝန်ထမ်း တစ်ဦးကပြောသည်။

အဆိုပါနေရာတွင် ကျွန်းသစ်လုံး ၅၇ လုံး၊ ကျွန်းခွဲသားဆိုဒ်စုံ ၃၀၅ ချောင်း၊ စုစုပေါင်း ၂၇ တန်ခန့်အား ဖမ်းဆီးရမိပြီး မဘိမ်းသစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

“ဒီနယ်မြေဟာ ကချင်နဲ့ဆက်နေတော့ သစ်ခိုးထုတ်တာတွေတောက်လျှောက် လုပ်နေကြတာ၊ ကချင်မှာ ကတော့ တိုက်ပွဲတွေဖြစ်နေတော့ တရားမ၀င် သစ်တွေဖမ်းဖို့ဆိုတာ သစ်တောအနေနဲ့ မတတ်နိုင်ဘူး၊ ဒါ ကြောင့် ရှေ့တန်း တပ်မတော်စစ်ကြောင်းတွေကပဲ လိုက်လံဖမ်းဆီးပေးနေရတာပါ။ ဒီဧပြီလထဲမှာ ဖမ်းဆီး ရမိတဲ့ သစ်တန်ချိန်က မနည်းတော့ဘူးဗျ” ဟု ပြည်နယ်သစ်တောဦးစီးဌာနမှ အရာရှိတစ်ဦးကဆိုသည်။

တရားမ၀င်သစ်များ ခိုးထုတ်နေမှုကြောင့် တပ်မတော်စစ်ကြောင်းများမှ လိုက်လံပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ မကြာမီရက်ပိုင်းက မန်စီမြို့နယ်၊ မထက်၊ မဒယန်၊ မိုင်(၃၀)ဒေသ၀န်းကျင်တွင် သစ်ခိုးထုတ်နေ သော သစ်တင်ယာဉ်(၄၄)စီးအား တပ်မတော်စစ်ကြောင်းများမှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရပါသည်။

သော်ဇင်ဦး
Credit >>> Kachin Daily News

No comments:

Post a Comment