Monday 16 February 2015

လောက်ကိုင်ရဲစခန်း ပစ်ခတ်ခံရ၊ ရဲမိသားစုဝင် ၁၃၀ ကျော် လားရှိုးကို ထွက်ပြေး


တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ လောက်ကိုင်မြို့က ရဲတပ်ဖွဲ့ဝင်မိသားစု ကလေး လူကြီး ၁၃၀ကျော်ဟာ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက လားရှိုးမြို့ကို ထွက်ပြေးရောက်ရှိလာကြပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက ထွက်ပြေးလာကြတာဖြစ်ပြီး မြို့မ ရဲစခန်း ရှေ့တည့် တည့်နေအိမ်တွေကနေ စခန်းကို ချောင်းမြောင်း ပစ်ခတ် တဲ့အတွက် လူကြီးတွေကပြောင်းခိုင်း တဲ့အတွက် လားရှိုးကို ထွက်ပြေး လာကြတာလို့ ရဲမိသားစုဝင်အမျိုးသမီးတဦးက ဒီဗွီဘီကို ပြောပါတယ်။
သူတို့ရဲ့ မိသားစုဝင်တွေ လုံခြုံရေးစိုးရိမ်ရလို့ ထွက်ပြေးလာကြတုန်း မြို့မရဲ စခန်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ ရဲမိသားစုဝင် အမျိုးသမီး က ပြောပါတယ်။
“ကျမတို့ အခု ထွက်လာကြရင်း ယောက်ျားတွေနဲ့အဆက်အသွယ်လုပ်ကြည့်တော့ အဲ့ဒီ အိမ်ကပစ်နေတော့ သူတို့လည်း ပြန်ပစ်နေတယ်လို့ ပြောတယ်။ မြို့ထဲမှာ သူတို့က ချောင်းပြီးပစ်နေတာ၊ လာရှိုးက လာကူတဲ့ ရဲတပ်ဖွဲ့နဲ့ဆို ရဲအင်အား ၆၀-၇၀ လောက်ရှိမယ်၊ ပြန်ပစ်နေကြတာ။”
လောက်ကိုင် မြို့ထဲမှာ လူသူကင်းမဲ့ ခြောက်ကပ်နေပြီး အိမ်တံခါးတွေပိတ် ပုန်းအောင်းနေသူတချို့ ရှိနေပေမယ့် အများစုကတော့ တရုတ်နဲ့ မြန်မာပြည်ထဲ ထွက်ပြေးနေကြတယ်လို့လည်း ပြောပါတယ်။
သူတို့မိသားစုဝင်တွေ ဆယ်ဘီးကားနဲ့ လားရှိုးမြို့ကို ထွက်ခွာလာတုန်း လမ်း ခရီးမှာ ခြေကျင်လျှောက်ပြီး ထွက်ပြေးနေတဲ့ မြန်မာအလုပ်သမားတွေ တွေ့မြင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်မိသားသားစုတွေကို သက်ဆိုင်ရာက ဆယ်ဘီးကား ငါးစီးနဲ့ သွားရောက်ခေါ်ယူခဲ့တာဖြစ်ပြီး ရဲမိသားစုတွေအပြင် ကြံစိုက်တောင်သူနဲ့ ပန်းရန်အလုပ်သမားတွေပါ ပါဝင်လာကြပြီး စုစုပေါင်း လူ ၅၀၀ ကျော် ရှိပါတယ်။
လတ်တလော သူတို့ကို လားရှိုးမြို့ပေါ်က မန်ဆူဘုန်းကြီးကျောင်း မှာ နေရာချ ထားပေးပြီး မြေလတ်ဒေသက အလုပ်သမားတွေကတော့ မန္တလေး ဆင်းဖို့ ပြင်နေကြပါတယ်။DVB

No comments:

Post a Comment