Thursday 26 February 2015

ကော့စမွီကျွန်းတွင် မြန်မာအမျိုးသမီးသေဆုံးမှု မြန်မာယောက်ျားလျာက ငွေပေးသတ်ခိုင်းခြင်းဖြစ်

 ကော့စမွီကျွန်းတွင် မြန်မာအမျိုးသမီးတစ်ဦးကို သတ်သော တရားခံများမှာ မြန်မာလုပ်သားသုံးဦးဖြစ်ပြီး မြန်မာယောက်ျားလျာတစ်ဦးက ဘတ် သုံးသောင်းပေးငှားရမ်းကာ သတ်ခိုင်းခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

ဖေဖော်ဝါရီ ၂၂ ရက်ညက ကော့စမွီကျွန်းတွင် အသတ်ခံရသော မချောငယ်ငယ်ကို ယောက်ျားလျာ မြန်မာအမျိုးသမီး  မမီးမီး(ခ)မနန်းဖွန်က ချစ်ကြိုက်နေသည်။ မချောငယ်ငယ်က ပြန်မကြိုက်သဖြင့် မြန်မာလုပ်သား မသန်းသန်းစိုးနှင့် မောင်ဖြစ်သူ ကိုဇော်တို့ကို ငှားရမ်းသတ်ခိုင်းခြင်းဖြစ်သည်ဟု မမီးမီးက ထိုင်းရဲတပ်ဖွဲ့ထံ ဝန်ခံထားသည်။

အဆိုပါရက်က မမီးမီးသည် မချောငယ်ငယ်ကို ခေါ်ဆောင်သွားပြီး ကော့စမွီကျွန်းရှိ View Point နေရာတွင် ပါးစပ်နှင့် နှာခေါင်းတို့ကို တိပ်ဖြင့်ပိတ်ကာ ကိုဇော်က လည်ပင်းညှစ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ မမီးမီးသည် မုဒိမ်းမှုအဖြစ် ပုံဖော်နိုင်ရန် ချောငယ်ငယ်၏ ခန္ဓာကိုယ်ကိုသွားဖြင့် ကိုက်၍ အဝတ်အစားများ ချွတ်ယူသွားခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့ အား ပြောကြားခဲ့ကြောင်း ကော့စမွီကျွန်းရှိ ရခိုင်စာပေအသင်းမှ ကိုသန်းရွှေကပြောသည်။

‘‘မီးမီးက ချောငယ်ငယ်ကို ကြိုက်နေတာ။ ချောငယ်ငယ်က ယောက်ျားနဲ့ကွဲနေတာ တစ်လရှိပြီ။ ကော့စမွီကို မီးမီးကခေါ်လာတာ။ သူပဲ အလုပ်သွင်းပေးတာ။ သူ့ကို ပြန်မကြိုက်လို့ဆိုပြီး ဘတ် သုံးသောင်းပေးပြီး သတ်ခိုင်းတာပေါ့။ ကမ်းခြေ စီစီတီဗီကနေ ဖမ်းမိတာပါ။ အဲဒီနေ့ ည ၂ နာရီ လောက်မှာ သတ်လိုက်တာလို့ သိရတယ်။ မီးမီးရဲ့လက်အိတ်နဲ့ ဖိနပ်ကျန်နေတာ။ အစက မုဒိမ်းကျင့်ခံရတယ်လို့ ယူဆတာ။ အခု ထိုင်းရဲက မုဒိမ်းကျင့်ခံရတယ်လို့ မပြောသေးဘူး’’ဟု ကိုသန်းရွှေက ပြောသည်။

တရားခံမြန်မာလုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖမ်းဆီးလိုက်ပြီး ထိုနေ့၌ပင် အခင်းဖြစ်ပွားရာတွင် သရုပ်ပြမှုများ ပြုလုပ်သွားခဲ့သည်။

သေဆုံးသူ အမျိုးသမီးသည် ကော့စမွီကျွန်းသို့ ပြီးခဲ့သည့် တစ်ပတ်ခန့်က ရောက်ရှိခြင်းဖြစ်ပြီး သူဌေးအိမ် တစ်အိမ် ၌ အိမ်ဖော် အလုပ်လုပ်နေသူဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာလုပ်သား နှစ်ဦးကိုလည်း ကော့စမွီကျွန်းရှိ ထောင်တွင် ထားပြီး ရုံးချိန်းရုံးထုတ်များကို ထိုကျွန်း၌ ပြုလုပ်နေသည်။

7Day DAILY 

No comments:

Post a Comment