Friday 27 February 2015

အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် မြန်မာတစ်နိုင်ငံတည်းသာ အမျိုးသမီး များကို အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းရန် ကျန်ရှိနေဟုဆို

(ဓာတ်ပုံ ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) 
အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် မြန်မာတစ်နိုင်ငံတည်းသာ အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာ ကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းရန် ကျန်ရှိတော့ကြောင်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ဖေဖော်ဝါရီ ၂၆ တွင် ပြောလိုက်သည်။

အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ရေး၊ ကျား/မ တန်းတူအခွင့်အရေး ရရှိရေးများ ဆောင်ရွက်နေသည့် ဂျန်ဒါနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာမှုဌာန၏ ငါးနှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး ယင်းပွဲတွင် ဒေါ်ညိုညိုသင်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

၎င်းက ''အာဆီယံမှာ မြန်မာတစ်နိုင်ငံပဲ အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်း ဖို့ကျန်တော့တယ်။ ကျန်တဲ့ နိုင်ငံတွေမှာဒီ Inbound Law က ပြဋ္ဌာန်းပြီးသား။ ဒီလို ပြဋ္ဌာန်းဖို့အတွက်က လွှတ်တော်၊ အစိုးရနဲ့ ဥပဒေ ပြဋ္ဌာန်းသူတွေမှာ ကျား/မ ရေးရာ အသိပညာတွေ ရှိဖို့လိုတယ်။ ကျား/မ ရေးရာ အသိပညာအားနည်းတဲ့ လွှတ်တော်ကတော့ ပြည်သူတွေ အားလုံးအတွက် ခြုံငုံမိတဲ့ အကျိုးရှိတဲ့ လွှတ်တော် မဖြစ်နိုင်ဘူး'' ဟု ဆိုသည်။

အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းရန်ကြန့် ကြာနေခြင်းနှင့် ပတ်သက်၍ ဂျန်ဒါနှင့် ငြိမ်းချမ်းရေး ဆိုင်ရာလေ့လာမှုဌာနမှ အမှုဆောင် ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်က '' ဒီဥပဒေ ပြဋ္ဌာန်းဖို့က အရေးတကြီးကို လိုအပ်နေတယ်။ ဒါကြောင့် ဥပဒေကို တအားကို စံသတ်မှတ်နေချင်လို့ မရဘူး။ မြန်မြန် ပြဋ္ဌာန်းဖို့လိုနေတာ။ ခုကနောက်ဆုံးအဆင့်မှာကို တော်တော်ကြာနေတယ်'' ဟု မှတ်ချက် ပြုသည်။

ယင်း ဥပဒေ ပြဋ္ဌာန်းပြီးပါက ဘာသာ ရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ''ဒီဥပဒေပြဋ္ဌာန်းဖို့က နိုင်ငံအတွက် တကယ်လို အပ်နေပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်သေချာ လေ့လာပြီးပါပြီ။ ဒီဥပဒေက ရာဇသတ်၊ ဓမ္မသတ်တွေနဲ့ လည်း ညီတယ်။ နိုင်ငံတွင်းမှာ ရှိတဲ့ဘာသာ၊ လူမျိုး အားလုံးက အမျိုးသမီးတွေကို ခြုံငုံမိပြီး ကာကွယ်မှုရစေ မယ့် ဥပဒေလို့ မြင်တယ်'' ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေကို အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေး၊ လူမှုဝန်ထမ်းအပါအဝင် အမျိုးသမီးရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း နှစ်ရာကျော်ဖြင့် ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ရေး ဆွဲခဲ့သည်။ ယင်းဥပဒေကို လွှတ်တော်ဖတွင် ဆွေးနွေးရန် ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်က ဘားအံမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါ်နန်းစေးအွာက ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment