Thursday 26 February 2015

မဲဆောက်ရှိ ဒေါက်တာ စင်သီယာမောင်၏ မြန်မာကျောင်း မီးလောင်ကာ နှစ်ဦး ဒဏ်ရာရ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင် ဖွင့်လှစ်ထားသည့် မြန်မာ ကျောင်းသား ဘော်ဒါဆောင် ဖေဖော်ဝါရီ ၂၅ ရက် ညနေက မီးလောင်ကာ ကျောင်းသား နှစ်ဦး ဒဏ်ရာရခဲ့သည်။ (ဓာတ်ပုံ - မဇ္ဈိမ)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာ ရွှေ့ပြောင်းလုပ်သားများအတွက် မယ်တော်ဆေးခန်းဖွင့်ထားသူ ဒေါက်တာ စင်သီယာမောင် တည်ထောင်ထားသည့် ကလေးများ ဖွဲ့ဖြိုးတိုးတက်ရေးစင်တာ (CDC) စာသင်ကျောင်း ဘော်ဒါဆောင် ၄ ခု ဖေဖော်ဝါရီလ ၂၅ ရက် ညနေပိုင်းက မီးလောင်ခဲ့ပြီး ကျောင်းသား နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDC ကျောင်းအုပ်ဆရာကြီး ဆရာရွှေနှင်းက မဇ္ဈိမကို ပြောသည်။

“အဆောင်က ၄ လုံး၊ ဟိုဘက်ဘေးက ကြံခင်းမီးလောင်တော့ လေတိုက်နှုန်းအားကောင်းတော့ ကူးသွားတယ်။ ကလေးတွေက လမ်းမှာ။ တချို့က ကျောင်းမှာရှိနေသေးတာ။ ဘာပစ္စည်းမှ ပြန်မရဘူး။ အခုလောလောဆယ် စာသင်ခန်းထဲမှာဘဲ ထားတယ်” ဟု ၎င်းကပြောသည်။

မီးလောင်စဉ် ပစ္စည်းဝင်ယူခဲ့သော ကျောင်းသား နှစ်ဦးသည် လက်နှင့် ပုခုံးတွင် မီးလောင်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်ဟု သူက ပြောသည်။

အဆိုပါ ဘော်ဒါဆောင် ၄ ဆောင်တွင် စတုတ္ထတန်းမှ ၁၂ တန်း ကျောင်းသူ၊ ကျောင်းသား ၆၂ ဦး နေထိုင်နေဟု သူက ပြောသည်။

အဆောင် ၄ ဆောင် မီးလောင်ခဲ့သဖြင့် အဆောက်အအုံနှင့် ကလေးများ၏ ပစ္စည်းတန်ဖိုးအားဖြင့် ဆုံးရှုံးမှု ဘတ် ၅ သိန်းခန့် ရှိနိုင်မည်ဟု ခန့်မှန်း ပြောဆိုသည်။

ကျောင်းသားများ ကျောင်းဆင်းခါနီးဖြစ်သောကြောင့် မည်သည့် ပစ္စည်းများ ထုတ်ယူနိုင်ခြင်း မရှိခဲ့သဖြင့် ကျောင်းသူ၊ ကျောင်းသားများအတွက် ထိုင်းပညာရေးဌာန၊ ထိုင်းလူမှုဖူလုံရေး၊ ထိုင်းအုပ်ချုပ်ရေး အဖွဲ့နှင့် IRC  အပါအဝင် NGO အဖွဲ့အစည်းများက အဝတ်အစား၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုန်းတို့ လာရောက် လှူဒါန်းခဲ့သည်ဟု သိရသည်။

ဘော်ဒါဆောင် ပြန်လည် တည်ဆောက်ရန်အတွက် အလှူရှင်များ ရှာရန် လိုအပ်နေသည်ဟု ဆရာရွှေနှင်းက ပြောသည်။ “ကျွန်တော်တို့ အဆောက်အအုံပြန်ဆောက်ဖို့ ရန်ပုံငွေတွေ ရှာဖို့ နိုင်ငံတကာကို ဆရာမကြီး (ဒေါက်တာစင်သီယာမောင်)လည်း အမေရိကန်ရောက်နေတော့ ကျွန်တော်တို့ အချက်အလက် အသေးစိတ် ဓါတ်ပုံ မှန်တမ်းတချို့ ပို့ပြီးတော့ အမြန်ဆုံး အလှူငွေရှာဖို့ ဆုံးဖြတ်ထားတယ်” ဟု သူက ပြောသည်။

လက်ရှိ ကျောင်းသူ၊ ကျောင်းသားများသည် လက်ရှိ စာသင်ကျောင်းတွင် ယာယီနေထိုင်နေကာ လာမည့် မတ်လ ( ၁၃) ရက်တွင် အတန်းသင်စာမေးပွဲ ဖြေဆိုရတော့မည်ဖြစ်ကြောင်း သိရသည်။

ထိုအဆောင်ကို ဝါး၊ သစ်၊ သက်ကယ်တို့ဖြင့် ဆောက်လုပ်ထားပြီး လက်ရှိ မယ်တော် ဆေးခန်းသစ် ဆောက်လုပ်ထားသည့် ဝင်းတွင် တည်ရှိကြောင်း သိရသည်။

CDC ကျောင်းကို ၁၉၉၅ ခုနှစ်က စတင်၍ ဖွင့်လစ်ခဲ့ပြီး လက်ရှိ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တို့မှ မိဘများ ချို့တဲ့ခြင်း၊ ကျောင်းတက်၇န် အခက်အခဲရှိသော ကျောင်းသူ ကျောင်းသားများကို နေထိုင်၇န် အဓိက ဆောက်လုပ်ထားခြင်း ဖြစ်သည်ဟု သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ထိုင်းအစိုးရက စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
Mizzima

No comments:

Post a Comment