Tuesday 25 November 2014

ကျောင်းသူ တစ်ဦးနှင့် ရှုပ်ပွေခဲ့သည့် တရုတ်ပါမောက္ခ အလုပ်မှ ထုတ်ပယ်ခံရ

နိုင်ငံခြား ကျောင်းသူ တစ်ဦးနှင့် လိင်မှုကိစ္စ ရှုပ်ပွေခဲ့သည်ဟု စွပ်စွဲခံသော ပီကင်း တက္ကသိုလ်၏ တွဲဖက် ပါမောက္ခတစ်ဦးကို အလုပ်မှ ထုတ်ပယ်လိုက်ပြီး မလျော်ကန်သည့် အပြုအမူသည် လူမှု အသိုင်းအ၀ိုင်းအပေါ် ဆိုးဝါးသည့် သက်ရောက်မှု ရှိသည်ဟုလည်း တက္ကသိုလ်က ထုတ်ပြန် ခဲ့ကြောင်း နိုဝင်ဘာ ၂၃ ရက်က တက္ကသိုလ်၏ ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

ထိုစဉ်က ပီကင်းတက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ကျောင်းမှ တွဲဖက်ပါမောက္ခ တစ်ဦးဖြစ်သူ ယုဝမ်လီ သည် မိသားစုအမည် ၀မ်ဆိုသည့် နိုင်ငံခြား ကျောင်းသူ တစ်ဦးနှင့် ဇာတ်လမ်း ဖြစ်ခဲ့ပြီး ယင်းကျောင်းသူ ကိုယ်ဝန်ရှိသွား ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်အား တက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦးက တက္ကသိုလ်၏ စုံစမ်း စစ်ဆေးရေး ဋ္ဌာနသို့ တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး မီဒီယာများ၏ ယခင် ဖော်ပြချက်အရ သတင်းပေး တိုင်ကြားသူမှာ ၀မ်၏ သူငယ်ချင်း ဖြစ်ကြောင်း သိရသည်။

စင်ကာပူ ဇာတိဖြစ်သူ အဆိုပါ ကျောင်းသူသည် ၂၀၁၃ ခုနှစ်က အမေရိကန် သံတမန်ရေးရာ လေ့လာမှု ဘာသာရပ် သင်ကြားစဉ် တွဲဘက်ပါမောက္ခ ယုဝမ်လီနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာ လဆန်းပိုင်း တွင် ၎င်းတွင် ကိုယ်ဝန်ရှိနေ သည်ကို သိရကြောင်း ကျောင်းသူဝမ်က ဟွာစန်းနေ့စဉ် သတင်းစာသို့ ပြော ကြားခဲ့ သည်။ ကိုယ်ဝန်ရှိနေသည့် အကြောင်း ပါမောက္ခကို ပြောသောအခါ ပါမောက္ခက ဖျက်ချ ခိုင်းသည်ဟု ကျောင်းသူဝမ်က သတင်းစာသို့ ပြောကြားခဲ့သည်။

ပါမောက္ခ ဖြစ်သူမှာ အိမ်ထောင်သည် ဖြစ်ပြီး ကလေး တစ်ယောက် ရှိသော်လည်း ကျောင်းသူဝမ်က မသိရှိခဲ့သော်လည်း ၎င်းနှင့် ရရှိခဲ့သည့် ကလေးကို မွေးမည်ဟု ကျောင်းသူဝမ်က ပြောကြားခဲ့သည်။

အောက်တိုဘာလ ကလည်း ရှားမင် တက္ကသိုလ်မှ ပါမောက္ခ ၀ူချွမ်းမိန်သည်လည်း ကျောင်းသူများကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုဖြင့် အလုပ်မှ ထုတ်ပယ်ခံခဲ့ ရသည်။ ပညာရေး ၀န်ကြီးဋ္ဌာနက တက္ကသိုလ် ဆရာများ အနေဖြင့် ကျောင်းသူများကို လိင်ပိုင်းဆိုင်ရာ နှောက် ယှက်ခြင်း၊ လိင်ဆက်ဆံရန် အကြပ်ကိုင်ခြင်းတို့ မပြုလုပ်ရန် အောက်တိုဘာ ၉ ရက်က တားမြစ်သည့် စည်းမျဉ်း ဥပဒေတစ်ခုကို ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူများကို သတိပေးခြင်း၊ ရာထူးချခြင်း၊ ခေတ္တ ရာထူးမှ ရပ်ဆိုင်းခြင်း မှသည် ထောင်ဒဏ် ချမှတ်သည် အထိ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

Ref: China Daily
Mizzima - News in Burmese

No comments:

Post a Comment