Wednesday 15 October 2014

ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းနေရာရှိ DKBA ၏ ကလိုထူးဘောတပ်ကို ဖယ်ရှားခိုင်းဟုဆို

လျှပ်စစ်အား ၁၂၀၀ မဂ္ဂါဝပ် ထုတ်နိုင်မည်ဟု သဘာဝ ပတ်ဝန်းကျင် စောင့်ရှောက်ရေး အဖွဲ့များက ပြောဆိုထားသော ကရင်ပြည်နယ် သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် ပြင်ဆင်နေသည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်း နေရာတွင် တည်ရှိသည့် DKBA ၏ ကလိုထူးဘောတပ်ကို တပ်မတော်က အောက်တိုဘာလ ဒုတိယပတ်အတွင်း ယင်းနေရာမှ ဖယ်ရှားခိုင်းကြောင်း သံလွင်မြစ် စောင့်ကြည့်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စီမံကိန်းနှင့် အနီးဝန်းကျင် နေရာများမှ ဖယ်ရှားပေးရန် DKBA နုင့် KNU ထံ တပ်မတော်က စာပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။

“ဟတ်ကြီး စီမံကိန်းနေရာက နွေရာသီဆို ချောက်ကြီး ဖြစ်နေတာ။ မိုးရာသီရောက်မှ ရေပြည့်တယ်။ မိုးရာသီဆို ကြောက်စရာကြီး။ ဝေါဝေါနဲ့ စီးနေတာ။ အဲ့နေရာမှာ ဆည်ဆောက်လို့က ကျိုးမှာပဲ။ အဲဒီတော့ လုံးဝလက်မခံနိုင်ဘူး” ဟု မြိုင်ကြီးငူဒေသ DKBA ကလိုထူးဘောတပ်မှ ဗျူဟာမှူး စောမောင်ကြည်က ပြောကြားသည်။

မြိုင်ကြီးငူသို့ စီမံကိန်း တည်ဆောက်နိုင်ရန် အစိုးရ၊ ထိုင်းနှင့် တရုတ်ဘက်မှ ကုမ္ပဏီများသည် မကြာခဏ လာရောက်ကာ လုပ်ငန်း လုပ်ဆောင်ရန် ညှိနှိုင်းခြင်းမျိုး ရှိပြီး တပ်မတော်က ယခုနှစ် မတ်လပိုင်းက စတင်ကာ မြိုင်ကြီးငူဘက်တွင် တပ်များ တိုးချဲ့ချထားကြောင်း ၎င်းကဆိုသည်။

“ငြိမ်းချမ်ရေး လုပ်နေချိန်မှာ မဖြစ်သင့်ဘူး။ ငြိမ်းချမ်းရေးအတွက် သယံဇာတတွေက ကျိန်စာ ဖြစ်နေတယ်။ လက်ရှိ ဖြစ်နေတာတွေကို လူထုကို ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုအပ်လာပြီ” ဟု ကရင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုကွန်ရက်မှ Deputy Directior စောအဲလက်ထူးက ပြောဆိုသည်။

DKBA နှင့် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် ဟတ်ကြီး စီမံကိန်းအနီးရှိ ထိုင်းနိုင်င နယ်စပ်ဘက်သို့ အောက်တိုဘာ ၁၁ ရက်နေ့တွင် ကရင်တိုင်းရင်းသား ၂၆၀ ဦးကျော် ရွှေ့ပြောင်း သွားခဲ့ပြီး ထိုင်းအာဏာပိုင်များက မြန်မာဘက်ခြမ်းသို့ ပြန်ရန် ပြောကြားခဲ့ကြောင်း သံလွင်မြစ် စောင့်ကြည့်ရေးအဖွဲ့၏ သတင်းထုတ်ပြန် ထားချက်အရ သိရှိရသည်။

Eleven

No comments:

Post a Comment