Wednesday 15 October 2014

လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး ကျူးလွန်ခြင်းမဖြစ်နိုင်ဟု ထိုင်းအစိုးရ တရားလိုပြသက်သေ ထွက်ဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန် နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုကို မြန်မာနိုင်ငံသားနှစ်ဦး ကျူးလွန်ခြင်း မဖြစ်နိုင်ဟု ထိုင်အစိုးရက တရားလိုပြ သက်သေအဖြစ် ထိန်းသိမ်းခံထားရသည့် မောင်မောင်က ဆူရတ်ဌာနီခရိုင် ကော့စမွီ တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးမင်းဦးက ပြောကြားသည်။
ထိုင်းအစိုးရက တရားလိုပြ သက်သေအဖြစ် ထိန်းသိမ်းထားသော မောင်မောင် အပါအဝင် ဖမ်းဆီးခံ မြန်မာများနှင့် သူငယ်ချင်းများ ဖြစ်ကြသည့် အောင်ဇော်လင်း၊ နီနီအောင် ဆိုသူတို့ကိုပါ တရားလိုပြ သက်သေအဖြစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် စစ်ဆေးခဲ့သည်။

အခင်းဖြစ်ပွားသည့် စက်တင်ဘာလ ၁၄ ရက်နေ့ညက ဖမ်းဆီးခံ မြန်မာနှစ်ဦးနှင့် အတူရှိနေခဲ့သူ မောင်မောင်ကို ဖမ်းဆီးခံ မြန်မာနှစ်ဦး လူသတ်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်မဖြစ်နိုင် အစိုးရရှေ့နေက မေးမြန်းရာတွင် မောင်မောင်က မဖြစ်နိုင်ဟု ဖြေဆိုခဲ့ကြောင်း ဦးမင်းဦးက ပြောဆိုသည်။

“မြန်မာနှစ်ဦးက ပြစ်မှု ကျူးလွန်ခဲ့တယ်လို့ ထင်လား။ အမူအရာတွေ ပျက်နေလား မေးတယ်။ အဲဒါကို လူသတ်မှု ကျူးလွန်တာ လုံးဝမဖြစ်နိုင်ဘူး။ ရဲမဖမ်းခင် နောက်ဆုံးအချိန်အထိ အမူအရာလည်း မပျက်ဘူး” ဟု မောင်မောင်က ပြန်လည် ထွက်ဆိုခဲ့ကြောင်း ၎င်းက ပြန်လည် ပြောဆိုသည်။

အဆိုပါ သုံးဦးကို စစ်ဆေးရာတွင် ထိုင်းရဲတပ်ဖွဲ့က မြန်မာနှစ်ဦးကို တရားစွဲဆိုရန် တင်ပြထားသည့် စွဲဆိုချက်ပါ အချက်များကို ဟုတ်မဟုတ် အတည်ပြု မေးမြန်းခဲ့ခြင်း ဖြစ်ပြီး မေးမြန်းချက် အများစုကို တရားလိုပြ သက်သေများက ငြင်းပယ်ခဲ့ကြောင်း ဦးမင်းဦးက ရှင်းပြသည်။

တရားလိုပြ သက်သေများ ထွက်ဆိုရာတွင် ဖမ်းဆီးခံ မြန်မာနှစ်ဦး ဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ ရောက်ရှိ နားထောင်ခဲ့ပြီး ၎င်းတို့ နှစ်ဦးမှာ ပြုံးပြုံးရွှင်ရွှင် အနေအထားဖြင့် တွေ့ရကြောင်း ထိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောကြားသည်။

ဘာသာပြန်သူကိုလည်း ထိုင်းရဲတပ်ဖွဲ့ အမှုစစ်ဆေးစဉ်က အသုံးပြုသူကို အသုံးပြုထားခြင်း မရှိဘဲ အခြားမြန်မာ တစ်ဦးကို အသုံးပြုထားသော်လည်း ဘာသာပြန် အားနည်းသဖြင့် MWRN မှ မဇာဆိုသူက ဝင်ရောက် ဘာသာပြန်ပေး ခဲ့ရကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် အောက်တိုဘာလ ၁၄ ရက်နေ့က ဗြိတိန် သံအမတ်၊ ထိုင်းရဲတပ်ဖွဲ့ ရဲချုပ်နှင့် မြန်မာသံရုံးမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြပြီး ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုတွင် စွပ်စွဲခံထားရသော မြန်မာနှစ်ဦး အရေး ဆွေးနွေးခဲ့ကြကာ အဆိုပါ အမှုကို ကူညီစုံစမ်း စစ်ဆေးရန် အဆင်သင့် ရှိသည်ဟု ဗြိတိန် သံအမတ်က ဖြေကြားခဲ့ကြောင်း AFP တွင် ဖော်ပြထားသည်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးသည် ဗြိတိန်အခြေစိုက် ထိုင်းသံရုံးရှိ တာဝန်ခံကို လိပ်ကျွန်း လူသတ်မှု စုံစမ်းစစ်ဆေးမှုများ တရားမျှတမှု ရှိစေရန်နှင့် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန်၊ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ စုံစမ်းနေမှုများအပေါ် စိုးရိမ်ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။

The Voice

No comments:

Post a Comment