Tuesday 14 October 2014

ခိုတောင်ကျွန်း လူသတ်မှုစုံစမ်းရန် မြန်မာ၊ ဗြိတိန်၊ ထိုင်း သုံးပွင့်ဆိုင် တွေ့မည်

ခိုတောင်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံမြန်မာနှစ်ဦးအား မှားယွင်း အရေးယူမှုမရှိစေရေးနှင့် မှန်ကန်မျှတသော စုံစမ်းစစ်ဆေးမှုများ ဖြစ်ပေါ်စေရန် ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန်သံရုံးတာဝန်ရှိသူများနှင့် ထိုင်းဘုရင့် ရဲတပ်ဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းရရှိသည်။

ပြီးခဲ့သည့်ရက်က မြန်မာသံရုံးနှင့် ဗြိတိန်သံရုံးတို့ သီးသန့် တွေ့ဆုံခဲ့ကာ အမှုဖြစ်ပွားပြီးနောက် မြန်မာ နိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က တရားခံများဖြစ်ကြောင်း ထုတ်ဖော်ပြသပြီး ၁၀ ရက်အကြာတွင် နှစ်နိုင်ငံ သံရုံး တာဝန်ရှိသူ များ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

‘‘သေဆုံးသူဗြိတိန်နိုင်ငံသား နှစ်ဦး၊ သံသယဖြစ်ခံရသူမြန်မာ နိုင်ငံသားတွေနဲ့ အိမ်ရှင်ထိုင်းနိုင်ငံ တာဝန်ရှိ သူတွေ အခုလိုတွေ့ဆုံ တာဟာ တရားမျှတပြီး မှန်ကန် တဲ့စုံစမ်းစစ်ဆေးမှုတွေ၊ တရား ဥပဒေစိုးမိုးရေး ဆောင်ရွက်ချက် တွေဖြစ်ပေါ်စေမယ်လို့ အပြည့် အဝယုံကြည်ပါတယ်။ ဒါနေပြည် တော်ကနေ မြန်မာသံရုံး ကိုညွှန် ကြားတာဖြစ်တယ်’’ဟုနိုင်ငံတော် သမ္မတရုံးအကြီးတန်းအရာရှိတစ် ဦးကပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်ပရာယွတ် ချန်အိုချာက မြန်မာနိုင်ငံသားနှစ် ဦးကို တရားခံဟုပြော၍ မရသေး ကြောင်းနှင့် ယခု လိပ်ကျွန်းလူ သတ်မှု ကိစ္စကို အထူးအလေး ထားဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံ တကာ၏ ယုံကြည်မှု၊ မြန်မာပြည် သူများ၏ ယုံကြည်မှုရရှိအောင် တရားမျှတမှုရှိရှိဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်း၏ မြန်မာ နိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

သို့သော် မြန်မာနိုင်ငံမှ အပြန်ခရီးစဉ်အတွင်း လေဆိပ်တွင် ဝန်ကြီးချုပ်ပရာယွတ်က ထိုင်းရဲ များသည် အပြစ် မရှိသူများကိုဖမ်း လေ့မရှိကြောင်းနှင့် ယခုလိုတရား ခံများကို မြန်ဆန်စွာဖော်ထုတ်နိုင် မှုအပေါ် အံ့သြမိကြောင်း သတင်း ထောက်များအား ပြောကြားခဲ့သည်ဟု နိုင်ငံတကာသတင်းများက ဖော်ပြထား သည်။

‘‘ထိုင်းနိုင်ငံတာဝန်ရှိသူတွေ အနေနဲ့လည်း နိုင်ငံသုံးနိုင်ငံ ဆက်နွှယ်ပတ်သက်နေတဲ့ဒီကိစ္စကို ပြစ်မှု ကျူးလွန်သူကို ဥပဒေနဲ့အညီအရေးယူနိုင်ဖို့၊ ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့သူကို မှားယွင်းအရေးယူမှုမရှိစေရေး အတွက် မှန်မှန်ကန်ကန်တိတိကျကျ ကိုင်တွယ်ဆောင်ရွက်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်’’ ဟု သမ္မတရုံး အကြီးတန်းအရာရှိကပြောကြားသည်။

ကမ္ဘာကစိတ်ဝင်စားနေသော လိပ်ကျွန်းလူသတ်မှုအတွက် ယခု သုံးပွင့်ဆိုင်တွေ့ဆုံမှုသည် ထိုင်း နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို တစ်စုံတစ်ရာထိခိုက်စေခြင်းမရှိဘဲ ပါဝင်ပတ်သက်နေသည့်နိုင်ငံ များကြား နားလည်မှု၊ ယုံကြည်မှု ရှိစေရေးအတွက် ပူးပေါင်းဆောင် ရွက်မည့်နည်းလမ်းများကို ရှာဖွေ တွေ့ရှိနိုင်မည် ဟု မြန်မာအစိုးရ ကမျှော်လင့်ထားသည်။

လတ်တလောတွင် လိပ်ကျွန်းလူသတ်မှုစွပ်စွဲခံမြန်မာနှစ်ဦး၏ မိဘများထိုင်းနိုင်ငံသို့သွားရောက်ရန် စီစဉ် နေသည်။

မြန်မာနှစ်ဦးနှင့် အသတ်ခံ ရသူဗြိတိန်နိုင်ငံသူကိုယ်ပေါ်မှရရှိ သည့် DNA တို့တိုက်ဆိုင်တူညီနေ သည်ဟု ထိုင်းရဲတပ်ဖွဲ့က ကမ္ဘာသို့ကြေညာထားသော်လည်း ထိုင်းတရားရုံးသို့ အမှုစွဲဆိုတင်ပို့ရာတွင် သက်သေ အထောက်အထား နှင့် အချက်အလက် မပြည့်စုံ၍ အမှုတွဲကိုပြန်လည်ပေးအပ်ထား သည်။ မြန်မာနှစ်ဦးကို တရားခံဟု စွပ်စွဲချက်အပေါ် ဗြိတိန်နိုင်ငံက တစ်စုံတစ်ရာမှတ်ချက်မပြုသေး ကြောင်းနှင့် အမှုစစ်ဆေးမှု တွင် အတွေ့အကြုံနှင့် နည်းပညာ ကောင်းများရှိထားသည့် ဗြိတိန် နိုင်ငံပါဝင်စစ်ဆေးမှုကို မြန်မာ ပြည်သူ အချို့က လိုလားမှုများရှိ နေကြသည်။

7Day DAILY 

No comments:

Post a Comment