Thursday 23 October 2014

ဗြိတိန်နှစ်ဦးအား လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားနှစ်ဦး၏ မိဘများနှင့် ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီအဖွဲ့၊ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ဗြိတိန်စုံတွဲကို သတ်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား မောင်ဝင်းဇော်ထွန်း ၏ဖခင် ဦးထွန်းထွန်းထိုက် ဘန်ကောက်ရှိ မြန်မာသံရုံး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် (Photo:AFP) 
ဗြိတိန်ကမ္ဘာ့လှည့်နှစ်ဦးအား လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမား နှစ်ဦး၏ မိဘများနှင့် ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီအဖွဲ့၊ မြန်မာသံရုံး အထူး ကိုယ်စားလှယ်အဖွဲ့တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးတွင် အောက်တို ဘာ ၂၂ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း မြန်မာ သံရုံးရှေ့ နေ ဦးအောင်မျိုးသန်းက ပြောကြားသည်။

“ဒီကနေ့ ထိုင်းကို စွပ်စွဲခံရတဲ့ ကလေးတွေရဲ့ မိသားစုဝင်တွေ ရောက်လာတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ စကားပြောဖြစ်တယ်။ ထိုင်းလူ့အခွင့်အရေး ကော်မရှင်နဲ့ ရှေ့နေများကောင်စီလည်း ပါတယ်။ အဓိက ဆွေးနွေးဖြစ်တာကတော့ ရှေ့ဆက်ပြီး ဥပဒေကြောင်းအရ ဆက်လုပ်သွားဖို့ကို ဆွေးနွေးဖြစ်တယ်။ နောက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ထိုင်းမီဒီယာတွေက စွပ်စွဲခံထားရတဲ့ မိဘတွေကို အားပေးတယ်။ နောက်ပြီး ဒီအမှုမှန် ပေါ်ပေါက်ဖို့အတွက် သူတို့ထိုင်းပြည်သူတွေ အားလုံးရှိတယ်လို့ ပြောသွားတာတွေရှိတယ်” ဟု ရှေ့နေ ဦးအောင်မျိုးသန်းက ပြောကြားသည်။

ထိုင်းတောင်ပိုင်း အပန်းဖြေကျွန်းတစ်ကျွန်းတွင် ဗြိတိန်ကမ္ဘာလှည့် ခရီးသွားစုံတွဲ တစ်တွဲကို သတ်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးက ၎င်းတို့၏ဝန်ခံချက်ကို ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့ကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ၎င်းတို့၏ ရှေ့နေ များက အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားသည်။

မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီ အဖွဲ့ ၀င် များနှင့် စွပ်စွဲခံ မြန်မာအလုပ်သမားနှစ်ဦး၏ မိဘများ ဘန်ကောက်ရှိ မြန်မာသံရုံး၌ တွေ့ဆုံဆွေးနွေး စဉ် (ဓာတ်ပုံ-AFP)

မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး၏ မိသားစုဝင်များသည် အောက်တိုဘာ ၂၃ ရက် (ယနေ့) တွင် ကော့စမွီသို့ ခရီးထွက်မည်ဖြစ်ကြောင်းနှင့် အောက်တိုဘာ ၂၃ ရက်သည် အစိုးရရုံးပိတ်ရက် ဖြစ်သဖြင့် အောက်တိုဘာ ၂၄ ရက်တွင်မှ ကော့စမွီ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် မောင်ဇော်လင်း၊ မောင်ဝင်းဇော်ထွန်းတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလလယ်က ခိုထောင်ကျွန်း၌ သေဆုံးခဲ့သော ဒေးဗစ်မေလာ (၂၄) နှစ်နှင့် ဟန်နာဝစ်သာရစ် (၂၃) နှစ်တို့ကို သတ်ဖြတ်မှုဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမား မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ နှစ်ဦးအား စွဲချက်တင်ထားသည်။

ယင်းလူသတ်မှုအတွက် မြန်မာအလုပ်သမားနှစ်ဦးကို မတရား အမှုဆင်ခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပြီး အမှုကို စုံစမ်းစစ်ဆေးရာတွင် အလွဲလွဲအချော်ချော် ဖြစ်မှုများအတွက် ထိုင်းရဲတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

ယခုတစ်ဖန် ဝန်ခံချက် ပြန်လည်ရုပ်သိမ်းမှုက ထိုင်းရဲတပ်ဖွဲ့ကို ထပ်မံအထိနာ စေမည်ဖြစ်သည်။

မြန်မာအလုပ်သမား နှစ်ဦးကို ဓားစာခံအဖြစ် အသုံးချခဲ့သည်ဟု စွပ်စွဲချက်များအား ထိုင်းအာဏာပိုင်များက ပြင်းပြင်းထန်ထန် ပယ်ချခဲ့သည်။ ဝစ်သာရစ်၏ ခန္ဓာကိုယ်မှ ရရှိသော DNA နမူနာများနှင့် လူသတ်တရားခံဟု စွပ်စွဲခံထားရသူများ၏ DNA တို့သည် ကိုက်ညီမှုရှိကြောင်း အထောက်အထားများကို အခြေခံ၍ အမှုကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက အခိုင်အမာ ပြောကြားသည်။

မြန်မာအလုပ်သမား နှစ်ဦးက ဝန်ခံချက် ရုပ်သိမ်းကြောင်းနှင့် ညှဉ်းပန်းနှိပ်စက်မှု စွပ်စွဲချက်များအကြောင်း ပါဝင်သည့်စာကို ရှေ့နေအဖွဲ့မှ ရရှိခဲ့ကြောင်း အစိုးရရှေ့နေများက အောက်တိုဘာ ၂၂ ရက်တွင် အတည်ပြုပြောကြားသည်ဟု အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

ငြိမ်သက်အေးချမ်းသော ခိုထောင်ကျွန်းတွင် လူသတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံတို့ကို တုန်လှုပ်စေခဲ့ပြီး အားလပ်ရက် ကောင်းကင်ဘုံအဖြစ် သတ်မှတ်ခံရသော ထိုင်း၏ပုံရိပ်ကို ထိခိုက်စေသည်။

ယင်းလူသတ်မှုကို စုံစမ်းစစ်ဆေးရာတွင် ဗြိတိန်ရဲတပ်ဖွဲ့အား ကူညီခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့် တစ်ပတ်တွင် ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment