Saturday 23 August 2014

ကျန်းမာသော လူမှုဝန်းကျင်


“အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဖြစ်သည်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။ ယခင်က သတိမမူကြလင့်ကစား ယခုအခါတွင်မူ အလေးအနက် ထားလာကြရပြီဖြစ်သည်။ လူတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေက လူမှုအ၀န်းအ၀ိုင်းအတွက် မည်မျှသက်ရောက်နိုင်သည်ကို သတိမပြု၍မရပေ။ ထို့အတူ လူသားစွမ်းရည်၊ လူသားအင်အားကို အသုံးပြုအားထားရသည့် အခြေအနေများတွင် ကျန်းမာရေးသည် အဓိကအခန်းကဏ္ဍတွင် ရှိနေသည်။ ကျန်းမာရေးအတွက် ကောင်းမွန်သော လူမှုဝန်းကျင်ကောင်းရှိရန် လိုအပ်ပါသည်။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က မြို့ပြလူဦးရေပြဿနာကို စီမံခန့်ခွဲနိုင်ရန် တိုးချဲ့မြို့သစ် စီမံကိန်းများကို အစိုးရက မူဝါဒချမှတ် လုပ်ဆောင်ခဲ့သည်။ သို့သော် အမှိုက်နှင့် အညစ်အကြေးစွန့်ပစ်မှု၊ ရေကောင်းရေသန့်ရရှိမှု၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျန်းမာရေး အပါအ၀င် သယ်ယူပို့ဆောင်ရေးကဏ္ဍ စသည်ဖြင့် အခြေခံအဆောက်အအုံပိုင်းများ စနစ်တကျ ဖြည့်ဆည်းဆောင်ရွက်နိုင်မှု နည်းပါးခဲ့သည်။ နောက်ပိုင်းတွင် လူဦးရေအချိုးနှင့် အမှန်တကယ် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်စွမ်းအချိုးတို့ ကိုက်ညီခြင်း မရှိတော့ပေ။ ကျန်းမာရေးကဏ္ဍတွင် ဆေးရုံ၊ ဆေးခန်း စသည့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်မှာ တိုးတက်များပြားလာသော လူဦးရေနှင့် အချိုးကိုက်ညီခြင်း မရှိခဲ့ပေ။ ဤအခြေအနေများနှင့် ပတ်သက်၍ ကျေးလက်ဒေသ ကျန်းမာရေးအခြေအနေနှင့် မြို့ပြဆင်ခြေဖုံးဒေသ နေထိုင်သူများ၏ ကျန်းမာရေးအခြေအနေမှာ ဆိုးရွားမှုချင်း တူညီနေကြောင်း သိရသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများအနေဖြင့် လိုအပ်သည့် အစီအမံများ ရေးဆွဲလုပ်ဆောင်သွားမည်ဟု သိရသည်။


ဆင်းရဲချမ်းသာကွာဟမှု ကြီးမြင့်သောနိုင်ငံတွင် ကျန်းမာရေးပြဿနာသည် အခြေခံလူတန်းစားများအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်သလို နိုင်ငံအတွက် အရေးပါသော လူသားအရင်းအမြစ်များ၊ လူသားစွမ်းအားများ ထိခိုက်နိုင်သည်ကို သတိမပြု၍ မဖြစ်ပေ။ အခြေခံလူတန်းစား လက်လုပ်လက်စားများ၏ ကျန်းမာရေးပြဿနာသည် အခြားစားဝတ်နေရေး ပြဿနာများနည်းတူ သက်ရောက်မှုများစွာ ရှိနေသည်။ မည်သို့သော အကြောင်းတရားများကြောင့် ဆိုသည်ကို အဖြေရှာ၍ ရေတိုရေရှည် အစီအမံများ ချမှတ်လုပ်ဆောင်သင့်ပါသည်။ ထို့အတွက် မြို့ပြနှင့် ကျေးလက်ကျန်းမာရေး အခြေအနေကို စနစ်တကျ လေ့လာစီမံသင့်ပါသည်။

မြန်မာနိုင်ငံ၏ သဘာဝတောတောင်ရေမြေနှင့်အတူ ကောင်းမွန်သော လေထု၊ ရေထုနှင့်အတူ သဘာဝအလှတရားများ ပိုင်ဆိုင်ခဲ့သော်ငြားလည်း ယခုအခါတွင် အဘက်ဘက်က ယိုယွင်းမှုများကို တွေ့ကြုံလာရပြီဖြစ်သည်။ ထို့အတွက် စက်မှုလုပ်ငန်းများ၊ စက်ယန္တရားများ၊ ယာဉ်များမှထွက်ရှိသော မီးခိုးငွေ့နှင့် ဘေးထွက်သက်ရောက်မှုများ ရှိနေသော မြို့ပြနည်းတူ၊ သဘာ၀၀န်းကျင် ယိုယွင်းပျက်စီးလာသော ကျေးလက်ဒေသများတွင်ပါ အဆိုပါသက်ရောက်မှုများ၏ ဆိုးကျိုးကို ခံစားနေကြရပြီဖြစ်သည်။

ဥပမာအားဖြင့် ကျောက်စိမ်းရှာဖွေရေး ကုမ္ပဏီများ၏ ကာလကြာရှည် စည်းကမ်းမဲ့ မြေစာစွန့်ပစ်ခြင်းကြောင့် ဖားကန့်ဒေသရှိ ဥရုမြစ်ကြမ်းပြင် မြင့်တက်ခြင်းဖြစ်ပေါ်ခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် မြစ်ရေလျှံသောအခါ အနီးအနားဝန်းကျင် ဒေသတွင် ရေနစ်မြှုပ်မှုဒဏ်ကို ခံစားကြရသည်။ ရေကြီးရေလျှံခြင်း၏ နောက်ဆက်တွဲသက်ရောက်မှုများတွင် ကျန်းမာရေးပြဿနာများလည်း အပါအ၀င်ဖြစ်သည်။ ဤသည်က သာဓကတစ်ခုမျှသာ ဖြစ်သည်။

ထို့ကြောင့် ဖွံ့ဖြိုးရန်အားယူနေဆဲ၊ ဆင်းရဲမွဲတေမှုမှ ရုန်းထွက်နိုင်ရန် ရုန်းကန်နေရဆဲ နိုင်ငံတစ်နိုင်ငံအတွက် ကျန်းမာရေးပြဿနာသည် အရေးပါသော အခြေခံပြဿနာတစ်ခု ဖြစ်သည်။ သို့ပါ၍ စနစ်ကျထိရောက်သော ရေတိုရေရှည် အစီအမံများဖြင့် သက်ဆိုင်သူအားလုံး ပူးပေါင်းလုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။
Eleven Media Group

No comments:

Post a Comment