Saturday 23 August 2014

ပန်းလှိုင်မြစ် မတိမ်ကောစေရန် ကျွဲတရွတ်ချောင်းကို ပြန်လည်တူးဖော်


နွေရာသီတွင် ရေခန်းခြောက်လုနီး ပန်းလှိုင်မြစ်ကို မတိမ်ကောစေရန်အတွက် ယင်းမြစ်ထဲသို့ စီးဝင်သော ထန်းတပင်မြို့နယ်ရှိ ကျွဲတရွတ်ချောင်းကို အနက် ၂၁ ပေအထိ ပြန်လည် တူးဖော်နေကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောကြားသည်။ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဦးစီးဌာနက ၂၀၀၈ ခုနှစ်မှစပြီး ပန်းလှိုင်မြစ်အတွင်း နေရာပိုင်းခြား၍ တိုင်းတာခြင်းများ ပြုလုပ်ကာ သောင်တူးသင်္ဘောများ ဝယ်ယူပြီးသဖြင့် ပန်းလှိုင်မြစ်အစပိုင်း ကျွဲတရွတ်ချောင်းတွင် သောင်တူးဖော်ရေး လုပ်ကိုင်နေကြောင်း ၎င်းကပြောဆိုသည်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပန်းလှိုင်မြစ် နယ်နိမိတ် ပြည်လည်သတ်မှတ်ရေး ကော်မတီ ဖွဲ့စည်းထားကာ ဆည်မြောင်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန စသည့် ဌာနများကို ပန်းလှိုင်မြစ်တူးဖော်ရေး ဆောင်ရွက်ရန် ပူးပေါင်း ဖွဲ့စည်းထားကြောင်း ယင်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်သူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

“ပန်းလှိုင်မြစ် တူးဖော်ရေး လုပ်ငန်းကို လှိုင်သာယာမှာ လုပ်နေတယ်။ ပန်းလှိုင်မြစ်နားက အေးရွာကို မရောက်သေးဘူး။ ဒီမှာတော့ ရေတက်ချိန်က အဆင်ပြေတယ်။ ရေကျချိန်ဆို သောင်ထွန်းတာ တွေ့ရတယ်” ဟု ကြည့်မြင်တိုင်မြို့နယ် အေးရွာမှ ဦးဝေလင်းမြင့်က ပြောဆိုသည်။
The Voice Weekly

No comments:

Post a Comment