Sunday 3 August 2014

သမ္မတနှင့် စာနယ်ဇင်းကောင်စီတို့တွေ့ဆုံမှု သတင်းဖော်ပြရာ၌ ပုဂ္ဂလိကသတင်းစာများနှင့် အစိုးရသတင်းစာများ၏ ဖော်ပြချက် ကွဲလွဲမှုရှိ

သမ္မတ ဦးသိန်းစိန်နှင့် စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များ တွေ့ဆုံမှု သတင်းကိုဖော်ပြရာ၌ ပုဂ္ဂလိက သတင်းစာ များနှင့် အစိုးရသတင်းစာများ၏ ဖော်ပြချက် ကွဲလွဲမှုရှိနေကြောင်း တွေ့ရှိရသည်။

ဩဂုတ် ၁ ရက်က နေပြည်တော်ရှိ တောင်သူပညာပေး စက်မှုလယ်ယာ စံပြစိုက်ခင်း ဧက ၅ဝဝ ရှိ အဆင့်မြင့် သစ်သီးဝလံအအေးခန်းနှင့် ထုပ်ပိုးစက်ရုံဧည့်ခန်းမ၌ ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံဆွေးနွေးမှု သတင်းကို ဩဂုတ် ၂ ရက်ထုတ် အစိုးရသတင်းစာများ၊ ပုဂ္ဂလိကသတင်းစာများ၌ ဖော်ပြခဲ့ကြပြီး ထိုသို့ ဖော်ပြ ရာတွင် အစိုးရသတင်းစာများက အပြည့်အစုံမဖော်ပြဘဲ ဆွေးနွေးပွဲ၏ အဓိကအချက်အလက် အချို့ဖြစ် သော ပြစ်ဒဏ်ချမှတ်၊ အမှုဖွင့်ခံထားရသော ဂျာနယ်လစ်များနှင့်ပတ်သက်ပြီး ဆွေးနွေးချက်များ၊ သမ္မတ၏ ပြန်လည်ပြောဆိုချက်များကို ချန်လှပ်ခဲ့သည်။

သမ္မတနှင့် စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များ တွေ့ဆုံရသည့် အဓိကအကြောင်းအရင်းမှာ လတ် တလော ဖြစ်ပေါ်နေသည့် မီဒီယာဆိုင်ရာ အမှုအခင်းများ၊ ပြစ်ဒဏ်ချမှတ်မှုများ၊ မီဒီယာများအား ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေး မေးမြန်းနေသည့် ကိစ္စများကို ဆွေးနွေးခြင်းဖြစ်ပြီး ထိုအချက် ဆွေးနွေးမှုနှင့် သမ္မတ ဦးသိန်းစိန် ၏ ပြောကြားချက် အပြည့်အစုံကို အစိုးရသတင်းစာများက ယေဘုယျဆန်စွာဖြင့် ဖော်ပြ ခဲ့ခြင်းဖြစ် သည်။ 

အစိုးရသတင်းစာများက ထိုတွေ့ဆုံမှုနှင့်ပတ်သက်၍ သတင်းဖော်ပြရာ၌ “အစိုးရနှင့်မီဒီယာများ ပူးပေါင်းပြီး မီဒီယာအခန်းကဏ္ဍ မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်” ဟု ဖော်ပြခဲ့သည်။ ထို့အပြင် သတင်းအတွက် မျက်နှာဖုံးကောက်စာကို ဖော်ပြရာ၌ ကြေးမုံသတင်းစာတွင် “လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုတို့ကို  သတိနှင့်ယှဉ်ပြီး ကျင့်သုံးသည့် ဂုဏ်သိက္ခာရှိသော မီဒီယာများအဖြစ် ရပ်တည်စေလို” ဟု လည်းကောင်း၊ မြန်မာ့အလင်း သတင်းစာတွင် “သတင်းမီဒီယာများ အနေဖြင့် လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုတို့ကို သတိနှင့်ယှဉ်ပြီး ကျင့်သုံးသည့် ဂုဏ်သိက္ခာရှိသော မီဒီယာများအဖြစ် ရပ်တည်စေလို၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရန်၊ လုံခြုံမှုရှိရန် လိုအပ်ချက်နှင့် လွတ်လပ်မှုကြားတွင် သဟဇာတဖြစ်အောင် ကျင့်သုံး” ဟုလည်းကောင်း အသီးသီးဖော်ပြခဲ့သည်။

သမ္မတနှင့် စာနယ်ဇင်းကောင်စီတို့ တွေ့ဆုံမှုသတင်းကို အစိုးရသတင်းစာများက အဓိကအကြောင်းအရာကို ချန်လှပ်ဖော်ပြခဲ့ခြင်းသည် အစိုးရပိုင်းတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းကို ပြဆိုခြင်းသာဖြစ်သည်ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

“အစိုးရပိုင်းက ချဉ်းကပ်မှုဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့ လက္ခဏာကို တွေ့ရတယ်။ ပွင့်ပွင့်လင်းလင်း ရှိသင့် တယ်။ ဆွေးနွေးမှုတွေကို အရှိအတိုင်းသာ ဖော်ပြမယ်ဆိုရင် အစိုးရသတင်းစာတွေက ပုဂ္ဂလိက သတင်းစာ တွေမှာ ဖော်ပြတာထက်ပိုပြီး ပြည့်ပြည့်စုံစုံ ဖော်ပြလို့ရတယ်” ဟု ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။

သမ္မတနှင့် တွေ့ဆုံမှု၌ ပါဝင်ခဲ့သူဖြစ်သည့် စာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ- ခေတ်မိုး) ကမူ အစိုးရသတင်းစာများ၌ ဖော်ပြချက်၌ စာနယ်ဇင်းကောင်စီဘက်မှ ပြောကြား မှုများ ပါဝင်ခြင်းမရှိကြောင်း ပြောကြားသည်။

“ဒီနေ့ထွက်တဲ့ ပုဂ္ဂလိက သတင်းစာတွေရော၊ အစိုးရသတင်းစာပါ အကုန်ဖတ်တယ်။ အစိုးရသတင်းစာ တွေမှာ ကျွန်တော်တို့ဘက်က ပြောတာတွေ၊ တောင်းဆိုတာတွေ မပါဘူး။ သူတို့ဘက်က ပြောတာတွေ ပဲပါတယ်။ သူတို့ဘက်က ပြောတာတွေတောင် ပြည့်ပြည့်စုံစုံမဟုတ်ဘူး။ ကျန်ခဲ့တာတွေ ရှိတယ်။ ယေဘုယျဆန်ဆန်ပြောရင်တော့ ကျွန်တော်တို့ဘက်က ပြောတာတွေ မပါဘူးပေါ့ဗျာ” ဟု ဦးခင်မောင်လေး (ဖိုးသောကြာ-ခေတ်မိုး)က ပြောကြားခဲ့သည်။ 

သမ္မတနှင့်တွေ့ဆုံမှုအပေါ် စာနယ်ဇင်းကောင်စီ(ယာယီ)၏ ထုတ်ပြန်ချက်မှာ ယေဘုယျဆန်သည်ဟုလည်း ဒေါက်တာရန်မျိုးသိမ်းက ဝေဖန်ခဲ့သည်။

စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များ၏ ပြောကြားချက်နှင့် စာနယ်ဇင်းကောင်စီ၏ ထုတ်ပြန်ချက်များ အရ မီဒီယာနယ်ပယ်အတွင်း ကြုံတွေ့နေရသော ပြဿနာများ၊ အခက်အခဲများအားလုံးနှင့် ပတ်သက်၍ အထူးသဖြင့် အမှုဖွင့်၊ အရေးယူ၊ ပြစ်ဒဏ်ချမှတ်ခံထားရသော ဂျာနယ်လစ်များ နစ်နာမှုမရှိစေရန် သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းမှ ဥပဒေကြောင်းအရ မျှတစွာဆောင်ရွက်ပေးမည်ဟု စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တွေ့ဆုံချိန်၌ သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ 

အစိုးရသတင်းစာများ၏ သတင်းဖော်ပြချက်တွင် အထက်ပါ အဓိကအချက်ကို ထည့်သွင်းရေးသားခဲ့ခြင်း မရှိသည့်အပြင်  ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် မီဒီယာတို့အကြား တာဝန်ဝတ္တရားနှင့် ကျင့်ဝတ်စည်းကမ်းများကို အပြန်အလှန် နားလည်စေမှုနှင့် နိုင်ငံသားအားလုံး၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီသည့် အချက်ကိုလည်း အတိအကျ ဖော်ပြခြင်းမရှိဘဲ “ဝန်ကြီးဌာနများနှင့် စာနယ်ဇင်းသမား များအကြား ယုံကြည်မှုနှင့် အပြန်အလှန်နားလည်မှု မြှင့်တင်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရေး” ဟုသာ ယေဘုယျဆန်စွာဖြင့် ဖော်ပြခဲ့သည်။

အစိုးရသတင်းစာများတွင် ဖော်ပြထားမှုမှာ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် စတုတ္ထမဏ္ဍိုင်တို့အကြား သတင်း လွတ်လပ်ခွင့်နှင့် စာနယ်ဇင်းအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ စာနယ်ဇင်း ကောင်စီ၏ ကျင့်ဝတ်ဆိုင်ရာ ဖြေရှင်းရေး လုပ်ငန်းစဉ်များ ပိုမိုအားကောင်းစေရေး၊ အစိုးရဝန်ကြီးဌာနများ သတင်းထုတ်ပြန်ရေး လုပ်ငန်းစဉ်များ ပိုမိုထိရောက်အောင် ဆောင်ရွက်ရေး၊ စာနယ်ဇင်းသမားများ၏ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများကို ဥပဒေကြောင်းအစား စာနယ်ဇင်းကောင်စီမှတစ်ဆင့် ဖြေရှင်းဆောင် ရွက်နိုင်မည့် နည်းလမ်းများရှာဖွေရေး၊ ဝန်ကြီးဌာနများနှင့် စာနယ်ဇင်းသမားများအ ကား ယုံကြည်မှုနှင့် အပြန်အလှန်နားလည်မှု မြှင့်တင်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရေး၊ စာနယ်ဇင်း သမားများ၏ ကျင့်ဝတ်ဆိုင်ရာ အဆင့်အတန်း မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထို့နောက် သမ္မတက အစိုးရအနေဖြင့် နိုင်ငံတည်ဆောက်ရေးတွင် စတုတ္ထမဏ္ဍိုင်၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် သတင်းလွတ်လပ်ခွင့်ရရှိရန် အရေးကြီးသည်ကို လက်ခံကြောင်း၊ သိမ်မွေ့ညင်သာသည့် အသွင်ကူးပြောင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွတ်လပ်မှုပို အလွဲသုံးစားလုပ်ဆောင်မှုများ မပေါ်ပေါက်စေရန်အတွက် သတင်းမီဒီယာများအနေဖြင့်  လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊  တာဝန်သိမှုတို့ကို သတိနှင့်ယှဉ်ပြီး ကျင့်သုံးသည့် ဂုဏ်သိက္ခာရှိသော မီဒီယာများအဖြစ် ရပ်တည်စေလို၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရန်၊ လုံခြုံမှုရှိရန် လိုအပ်ချက်နှင့် လွတ်လပ်မှုကြားတွင် သဟဇာတဖြစ်အောင် ကျင့်သုံးရန် လိုအပ်ကြောင်း၊ လူ့အဖွဲ့အစည်း၏ လုံခြုံအေးချမ်းမှုအတွက် ဥပဒေဖြင့် ထိန်းကျောင်းရန် လိုအပ်သည့်အလျောက် မီဒီယာများအပါအဝင် အားလုံးက ဥပဒေကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ အစိုးရ ဝန်ကြီးဌာနများ၏ သတင်းထုတ်ပြန်မှုလုပ်ငန်းများ အားနည်းချက်ရှိသည်ကို သိရှိကြောင်း၊ ထိုအချက်ကို ဖြေရှင်းနိုင်ရန်အတွက် စာနယ်ဇင်းကောင်စီနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အစိုးရနှင့် မီဒီယာများပူးပေါင်းပြီး မီဒီယာ၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်စလုံးက ပြုပြင်သင့်သည့်အချက်များကို ပြန်လည်ပြုပြင်ပြီး ကျင့်ဝတ်နှင့် အပြန်အလှန်လေးစားမှုကို အခြေခံသည့် မီဒီယာဆက်ဆံရေးကို တည်ဆောက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်ဆိုသော အချက်များသာ ဖော်ပြခဲ့ပါသည်။

ပုဂ္ဂလိကမီဒီယာများနှင့် သင့်မြတ်မှုမရှိဘဲ “မီဒီယာကို မီဒီယာနှင့် တိုက်မည်” ဟု ကြွေးကြော်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ခေတ်မှာပင် အဆိုပါဌာန၌ တာဝန်ထမ်းဆောင်ခဲ့သော ဦးရဲထွဋ်က ပြန်ကြားရေးဝန်ကြီး ဖြစ်လာခဲ့ပြီး နောက်တစ်နေ့တွင် ဖော်ပြခဲ့သော သတင်း၌ ပုဂ္ဂလိက သတင်းစာများနှင့် ကွဲလွဲဖော်ပြမှု ဖြစ်ခဲ့ခြင်းက မီဒီယာသမားများအကြား စိုးရိမ်မှုကို မြင့်တက်စေခဲ့သည်။

ဩဂုတ် ၂ ရက်ထုတ် 7Day သတင်းစာတွင် ဖော်ပြခဲ့သော “အစိုးရနှင့် မီဒီယာ ပြဿနာဖြစ်ပွားပါက စာနယ်ဇင်းကောင်စီ (ယာယီ)ကို ကြားခံထားညှိနှိုင်းရန် ဝန်ကြီးဌာနများသို့ သမ္မတညွှန်ကြား” သတင်း၌ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ ပြောကြားချက်များ ပါဝင်ခဲ့သည်။

“စာနယ်ဇင်းတွေ ကိုယ်တိုင်ကလည်း စာနယ်ဇင်းကောင်စီကို လေးစားဖို့လိုတယ်။ အဲလိုမလေးစားရင် ကျန်တဲ့အဖွဲ့အစည်းတွေလည်း ကောင်စီအစား တရားရုံးကိုပဲ သွားလိမ့်မယ်လို့ ကျွန်တော်တို့ဘက်က ပြန်ဆွေးနွေးခဲ့ပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားခဲ့ကြောင်း 7Day သတင်းစာသတင်းတွင်  ဖော်ပြခဲ့သည်။

ဦးရဲထွဋ်သည် ၂ဝဝ၅ ခုနှစ်တွင် တပ်မတော်မှ အရပ်ဘက် အုပ်ချုပ်ရေးဘက်သို့ ပြောင်းရွေ့တာဝန် ထမ်းဆောင်ခဲ့ရသူ တစ်ဦးဖြစ်သည်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း လက်ထက်တွင် အစိုးရ၏ ဝါဒဖြန့်ချိရေးဌာနဟု နာမည်ကျော်ခဲ့သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီဌာန၌ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သမ္မတဦးသိန်းစိန်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်နှင့် သမ္မတပြောရေးဆိုခွင့်ရှိသူ ရာထူးကိုပါ ရရှိခဲ့ကာ ဩဂုတ် ၁ ရက်တွင် ပြန်ကြားရေးဝန်ကြီး ဖြစ်လာခဲ့သည်။

ဦးရဲထွဋ်သည် သမ္မတ၏ ခံကတုတ်အနေဖြင့် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့အပေါ် ကာကွယ်ပြောဆိုလေ့ရှိပြီး ၎င်း၏ပြောဆို ဖြေရှင်းမှုများမှာ အငြင်းပွားဖွယ်ရာများ ဖြစ်ခဲ့သည့်အပြင် မီဒီယာများနှင့် ဦးရဲထွဋ်အကြား ဆက်ဆံရေးမှာလည်း အဖုအထစ်များစွာ ရှိခဲ့သည်။

ပုဂ္ဂိုလ်ရေးအကြောင်းအရာများနှင့် အစိုးရ၏ သဘောထား၊ အမြင်၊ ဖြေရှင်းချက်များကို တစ်နေရာတည်း ရောထွေးရေးသား လေ့ရှိသည့် ဦးရဲထွဋ်၏ Facebook မှ ရေးသားချက်များမှာလည်း မေးခွန်းထုတ်စရာများ ဖြစ်စေခဲ့သည်။ အစိုးရနှင့် သက်ဆိုင်သော ကိစ္စတိုင်းတွင်သာမက ကိစ္စအများစုတွင် ပါဝင်ပြောဆိုရေးသားလေ့ရှိသော ဦးရဲထွဋ်ကို နိုင်ငံတကာ မီဒီယာများက Facebook ဝန်ကြီးဟူ၍ ဝေဖန်ခဲ့သည်။

ကချင်ပြည်နယ်ပဋိပက္ခနှင့် ပတ်သက်သော ရေးသားဖော်ပြချက်များ၊ လူမျိုးရေး အကြောင်းပြု ဘာသာရေး ပဋိပက္ခရေးသားမှုများ၌ ဦးရဲထွဋ်၏ ဖော်ပြချက်များက အများဝေဖန်စရာများ ဖြစ်ခဲ့သည့်အပြင် မီဒီယာပိုင်းနှင့် ပတ်သက်၍ ပုဂ္ဂလိကမီဒီယာများ၏ အသေးအဖွဲ အမှားများအား မျက်စိဒေါက်ထောက်ကြည့် ပြောဆိုလေ့ရှိကာ ဂျာနယ်လစ်များ၏ ကျင့်ဝတ်ပိုင်းကို မကြာခဏ ထောက်ပြပြောဆိုလေ့ရှိသည်။

အခြားတစ်ဖက်တွင်မူ အစိုးရပိုင်မီဒီယာများ၏ အကျိုးစီးပွားကို ကာကွယ်ရာ၌ ထိပ်ဆုံးမှ ရပ်တည်ခဲ့သူဖြစ်သည်။ ဥပမာအားဖြင့် အစိုးရပိုင်မီဒီယာများကို ကာကွယ်ရန်ဖြစ်သော အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကို ပြဋ္ဌာန်းနိုင်ရန် ရှေ့တန်းမှ ကြိုးပမ်းခဲ့သူ ဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment