Sunday 3 August 2014

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများမှာ နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သတိပေးရန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား အမေရိကန် လွှတ်တော်အမတ်များ တောင်းဆို

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် နိုင်ငံ၏လမ်းကြောင်းကို အဆိုးဘက်သို့ ပြောင်းလဲသွားနေ စေသည့်အတွက် နှစ်နိုင်ငံကြားဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း မြန်မာအစိုးရအား သတိပေးရန် အမေရိကန်ပြည်ထောင်စုမှ လွှတ်တော်အမတ် ၇ဝ ကျော်က နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီအား တောင်းဆိုလိုက်သည်ဟု အေပီသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါလွှတ်တော် အမတ်များတွင် ဒီမိုကရက်များနှင့် ရီပတ်ပလစ်ကန်နှစ်ဖက်စလုံးမှ အမတ်များပါဝင် သည်ဟု သိရသည်။ လူမျိုးရေးဘာသာရေး ပဋိပက္ခများမှာ နိုင်ငံတွင်း ပျံ့နှံ့ဖြစ်ပွားလျက်ရှိပြီး သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် အဆိုပါ အမှုအခင်းများအား အားပေးအားမြှောက် ပြုနေသည်ဟုလည်း ၎င်းတို့ က ပြောဆိုခဲ့သည်ဟု သိရသည်။

ထို့ပြင် တပ်မတော်၏ တိုင်းရင်းသား ဒေသများတွင် ဖိနှိပ်မှုများ၊ များမကြာမီက ဖြစ်ပွားခဲ့သည့် ဂျာနယ်လစ် များအား ထောင်ဒဏ်အပြစ်ပေးခြင်းများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်နေမှုများကလည်း ၎င်းတို့အား စိုးရိမ်မှုများ ဖြစ်ပေါ်နေစေသည်ဟု ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအနေဖြင့် ထိုကဲ့သို့အမှုအခင်းများတွင် ပါဝင်ခဲ့သူများကို ပိတ်ဆို့အရေးယူ မှုများ ပြုလုပ်ပေးရန်အတွက် လွှတ်တော်အမတ်များက တောင်းဆိုခဲ့ပြီး အမှန်တကယ် အရေးပါသော တိုးတက်ပြောင်းလဲမှုများ မဖြစ်ပေါ်မချင်း အသွင်ပြောင်းအစိုးရနှင့် အလျှော့ပေး လိုက်လျောဆက်ဆံမှုများ မပြုလုပ်ရန်အတွက်လည်း တောင်းဆိုခဲ့သည်ဟု သိရသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ယခု ဩဂုတ် ၈ ရက်မှ စတင်ကျင်းပမည့် အာဆီယံဒေသတွင်း လုံခြုံရေးအစည်းအဝေးပွဲသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment