Thursday 29 May 2014

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်းများကို အတိုချုံးမေးမြန်းရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်းများကို အတိုချုံးမေးမြန်းရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မေ ၂၈ ရက်ကကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အချိန်ငဲ့ကွက်ပြီး တိုတိုနဲ့လိုရင်းကို မေးမြန်းဖို့ လိုပါတယ်။ နိုင်ငံခြားက လွှတ်တော်တွေမှာဆိုရင် မေးခွန်းအတွက် နှစ်မိနစ်၊ အဖြေအတွက် သုံးမိနစ် သတ်မှတ်ပေးထား ပါတယ်။ ကျွန်တော်တို့ အမျိုးသားလွှတ်တော်မှာတော့ အချိန်ကန့်သတ်မှုတော့ မလုပ်ပါဘူး။ အတိုချုံးတင်ပြ ဖို့ တိုက်တွန်းပါတယ်။ ဒါပေမဲ့လည်း ပြောသင့်တဲ့ အချက်အလက်တွေကိုတော့ ပြည့်စုံစွာ ပြောနိုင်ပါတယ်” ဟု ဦးခင်အောင်မြင့်က ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် မဲဆန္ဒနယ်များ၏ ပြည်သူများကို ကိုယ်စားပြုခြင်း၊ နိုင်ငံအတွင်းရှိ ပြည်သူ များကို ကျယ်ပြန့်စွာ ကိုယ်စားပြုသည့်အတွက် ပြည်သူများ စားဝတ်နေရေး အဆင်ပြေရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှု ရရှိစေရေး၊ ပညာသင်ကြားခွင့် ရရှိစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ၊ တရား ဥပဒေ ၏ ကာကွယ်စောင့်ရှောက်မှု ရရှိစေရေး၊ ပုဂ္ဂလိကလုံခြုံရေး ရရှိရန်အတွက် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့အပြင် မေးခွန်းများ မေးမြန်းခြင်း၊ ဥပဒေများကို အမှန်တကယ်ပြဋ္ဌာန်းရန် လိုအပ်ခြင်းဟုတ်မဟုတ်၊ အများပြည် သူ လိုက်နာနိုင်ခြင်း ရှိမရှိ၊ နိုင်ငံတော်နှင့် နိုင်ငံသားများအား အကျိုးပြုမှု ရှိမရှိ၊ ပြစ်မှုဆိုင်ရာများ သတ်မှတ်ရာတွင် သဘာဝကျမှု ရှိမရှိများကို သတိပြုရန် လိုအပ်ကြောင်း ဦးခင်အောင်မြင့်က ပြောကြား သည်။

Eleven Media Group

No comments:

Post a Comment