Thursday 29 May 2014

အခြေခံပညာကျောင်းများရှိ စားသုံးရန်မသင့်သည့် မုန့်များကို အမြန်ဆုံး ဖျက်ဆီးရန် တိုင်းအစိုးရ ညွှန်ကြား

ဧရာဝတီတိုင်း ဒေသကြီးအတွင်း အခြေခံပညာ ကျောင်းများရှိ မုန့်ဈေးတန်းများတွင် စားသုံးရန် မသင့်သည့် အသင့်စားမုန့်များ တွေ့ရှိခဲ့သောကြောင့် အမြန်ဆုံး ဖျက်ဆီးပစ်ရန် ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောင်းမုန့် ဈေးတန်းများမှ နမူနာကောက်ယူ စစ်ဆေးခဲ့သည့် အသင့်စားမုန့်များကို ဧရာဝတီတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက စစ်ဆေးခဲ့ရာ အစားအသောက်တွင် သုံးစွဲ ရန် မသင့်သည့် ဆိုးဆေးများ တွေ့ရှိခဲ့ခြင်းကြောင့် မေလ ၂၁ ရက်နေ့က တိုင်းအစိုးရအဖွဲ့သို့ တင်ပြ ခဲ့ကြောင်း၊ ယင်းကြောင့် ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံနှင့် လပွတ္တာခရိုင်တို့ရှိ မြို့နယ် ၂၆ ခုမှ အခြေခံ ပညာ ကျောင်းများတွင် မုန့်ဈေးတန်းများရှိ စားသုံးရန် မသင့်သည့် မုန့်များကို ဖျက်ဆီးပစ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

၂၀၁၄ -၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကို ဇွန်လ ပထမပတ်အတွင်း စတင်ဖွင့်လှစ် မည် ဖြစ်သောကြောင့် မေလ နောက်ဆုံးပတ်က စတင်၍ ကျောင်းအပ် လက်ခံလျက်ရှိချိန် စားသုံးရန် မသင့်သည့် မုန့်များကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ ပဲခူး အ.ထ.က (၁) ကျောင်းမုန့် ဈေး တန်းမှ မီးအိမ်ရှင် အမှတ်တံဆိပ် ယိုစုံသရက်ပြား၊ အ.ထ.က (၆) မုန့်ဈေးတန်းမှ စတိုင်အမှတ်တံဆိပ် ယိုစုံသရက်ပြား၊ ရန်အောင်မြင် အ.ထ.က ကျောင်းမုန့်ဈေးတန်းမှ ကောင်းထက်သာ အမှတ်တံဆိပ် မုန့်ပွကြော်၊ ဖြူး အ.ထ.က(၁) မုန့်ဈေးတန်းမှ အမှတ်တံဆိပ် မပါသည့် သကြားခံမုန့်များ၊ ဖြူး အ.ထ.က(၂) မုန့်ဈေးတန်းမှ အမှတ်တံဆိပ်မပါ တုတ်ထိုး သကြားလုံးများ၊ ဟင်္သာတခရိုင် အတွင်းရှိ ဒူးယား အ.ထ.က မုန့်ဈေးတန်းမှ ဝေဖာရောင်စုံနှင့် ရောင်စုံ သကြားလုံးများမှာ စားသုံးရန် မသင့်သည့်၊ အန္တရာယ် ဖြစ်စေနိုင်သည့် ဆိုးဆေးများ တွေ့ရှိခဲ့သည်ဟု ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ စားသုံးရန် မသင့်သည့် မုန့်များ တွေ့ရှိခဲ့ခြင်းကြောင့် ဟင်္သာတခရိုင်အတွင်း မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်၊ လေးမျက်နှာမြို့နယ် ဇလွန်မြို့နယ်၊ ဟင်္သာတမြို့နယ်တို့မှ မြို့နယ် အုပ်ချုပ်ရေး မှူးရုံးများကို အကြောင်းကြား ဆောင်ရွက်ခိုင်းထားကြောင်း ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးရုံး ဦးစီးအရာရှိ ဦးကျော်ကျော်ဦးက ပြောကြားသည်။

ဒူးယားအခြေခံပညာ အထက်တန်းကျောင်းကို စစ်ဆေးခဲ့ရာ မုန့်အနည်းငယ်သာ တွေ့ရှိသဖြင့် သိမ်းဆည်း ခဲ့ပြီး မြို့ပေါ်စားသုံးသူ ဈေးကွက်အတွင်း စစ်ဆေးရှာဖွေရန်မှာမူ ဆွေးနွေး ဆုံးဖြတ်ရဦးမည် ဖြစ်ကြောင်း ဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် ဒုတိယဦးစီးမှူး ဦးဝင်းဇော်ဦးက ပြောကြား သည်။

The Voice Weekly

No comments:

Post a Comment