Thursday 29 May 2014

ပြည်ပခရီးလိုင်စင်အတွက် စပေါ်ငွေပမာဏ ခရီးသွား လုပ်ငန်းရှင်အများစု လက်ခံနိုင်ခြင်းမရှိ

တရားဝင်လိုင်စင် မရှိဘဲ လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံမှ ပြည်ပခရီးစဉ် (Outbound Tour) စီစဉ်သည့် ခရီးသွား ကုမ္ပဏီများကို တရားဝင်လိုင်စင် ချထားပေးရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ရေးဆွဲသည့် Outbound Tour ဆိုင်ရာ စည်းမျဉ်းစည်းကမ်း မူကြမ်းတွင်ပါသည့် စပေါ်ငွေ Deposit တင်ရမည့် ငွေကြေး ပမာဏအပေါ် လုပ်ငန်းရှင်အများစု လက်ခံနိုင်ခြင်း မရှိကြောင်း ပြည်ပခရီးစဉ် လုပ်ကိုင်နေသည့် ခရီးသွား ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

ပြည်ပခရီးစဉ်များအတွက် တရားဝင် လုပ်ကိုင်ခွင့်ရရှိရန် မေလအတွင်း ရေးဆွဲအသိပေးထားသည့် အာမခံ ကြေး ကျပ်သိန်း ၅၀၀ အကြမ်းဖျဉ်း သတ်မှတ် ထားခဲ့ခြင်းအပေါ် မေလ ၃၀ ရက်တွင် UMFCCI ၌ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ပြုလုပ်မည့် အစည်းအဝေးတွင် ခရီးသွား လုပ်ငန်းရှင်အသင်း အသင်းဝင် များ မနစ်နာစေရန် စဉ်းစားဆွေးနွေးမည်ဖြစ်ရာ စပေါ်ငွေကြေး ပမာဏကို အဓိက ဆွေးနွေး သွားမည် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက ပြောကြားသည်။

“မူကြမ်းထဲမှာ သိန်း ၅၀၀ သတ်မှတ်ထားတယ်။ လုပ်ငန်း အသေးစားတွေနဲ့ ပြန်ညှိရမယ်။ အာမခံကြေးက ခရီးသည်တွေ မနစ်နာဖို့ တင်ထားရမှာ။ ဖြစ်နိုင်တဲ့ ပမာဏတစ်ခုခုကို ဆုံးဖြတ်ပြီး ဝန်ကြီးဌာနကို ပြန်တင်ပြ မယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို မေလ ၂၈ ရက်နေ့ UMFCCI တွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ကိုယ်တိုင် တက်ရောက်မည် ဖြစ်သည့် မေလ ၃၀ ရက်နေ့သို့ ပြန်လည် ရွှေ့ပြောင်းထားခဲ့သည်။ 

“တချို့ဧည့်များတော့ ဒီလိုတင်မှ ကာကွယ်နိုင်မယ်။ တချို့လုပ်ငန်းငယ်တွေကျတော့ မတင်နိုင်ဘူး။ ဥရောပ ခရီးစဉ် စီစဉ်တဲ့ ကုမ္ပဏီမျိုးဆို ခရီးသည် တစ်ယောက်ကို သိန်းသုံးဆယ်လေးဆယ်ရတော့ ဒီပမာဏကမှ အဆင်ပြေနိုင်ပေမယ့် လုပ်ငန်းငယ်တွေကျတော့ ထွက်သွားခိုင်းသလို ဖြစ်သွားလိမ့်မယ်။ ငွေက အသေအပ် ထားရမယ်။ အတိုးပဲ ခံစားခွင့်ရတယ်” ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ဆိုသည်။ 

ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန၊ ခရီးသွားလုပ်ငန်း ကြီးကြပ်ရေးဌာနက အာမခံငွေ များကို ကြီးကြပ် ထိန်းသိမ်းမည် ဖြစ်ပြီး ပြည်ပခရီးစဉ်များတွင် လိုက်ပါမည့် ခရီးသည်များအတွက် ဝန်ဆောင်မှု့ ကောင်းမွန်စွာ မရခြင်း၊ မိမိအစီအစဉ်ဖြင့် ပြန်လာရခြင်း စသည့် ဆုံးရှုံးနစ်နာမှုများနှင့် ပတ်သက်၍ ယင်းငွေဖြင့် ပေးလျော်ရမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ 

ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်း လုပ်ကိုင်နေသည့် Fair and Square Travels and Tours ကုမ္ပဏီ ဒါရိုက်တာဖြစ်သည့် ဦးဇော်လင်းက “မဖြစ်မနေ တင်ရမယ် ဆိုရင်တော့ တစ်ရာ၊ နှစ်ရာ (သိန်း) ဝန်းကျင်ပဲ ဖြစ်ချင်တယ်။ ခရီးသည်တွေအနေနဲ့ အဆင်မပြေတာတွေ ရှိနိုင်ပေမယ့် Service ကောင်းကောင်းမပေးနိုင်တဲ့ ကုမ္ပဏီတွေကို အရေးယူဖို့ လိုတယ်။ အရေးယူမှု မရှိရင် ဒါတွေနဲ့ ကာနေလည်း မရနိုင်ဘူး” ဟု ဆိုသည်။ 

မူကြမ်းမှာ အပြီးမသတ်သေးကြောင်း၊ ခရီးသွား လုပ်ငန်းရှင်များအသင်းမှ အသင်းသားများ၏ သဘောထားကို ပြန်လည် တောင်းခံထားခြင်းဖြစ်ရာ လုပ်ငန်းရှင်များ၏ ဆွေးနွေးချက်ကို ထည့်သွင်း စဉ်းစားသွားမည် ဖြစ်ကြောင်း နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောကြားသည်။ 

စပေါ်ငွေကြေး ပမာဏမှာ လုပ်ငန်းတစ်ခု လည်ပတ်နိုင်သည့် ငွေကြေး ဖြစ်သည့်အတွက် အဆင်မပြေနိုင်ဘဲ ယင်းငွေကို ခရီးသွားလုပ်ငန်းတွင် ပြန်လည် အသုံးပြုခွင့်ရရန် မျှော်လင့်ထားကြောင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီများထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment