Saturday 10 May 2014

မကွေးတိုင်း ဝန်ကြီးချုပ် နုတ်ထွက်ရန် စာရေးသား လှုံ့ဆော်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေကို ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ပေးရန် မကျေနပ်သူ တစ်ဦးက စာများ ရေးသားကာ လှုံ့ဆော်ခဲ့ကြောင်း ယင်းစာသား ဖတ်ရှုရသည့် ဒေသခံ များက ပြော ကြားသည်။

ယင်းလှုံ့ဆော် စာသားများကို မကွေးတိုင်း ဆေးရုံ၏ နံရံ၊ လူစည်ကားသော နေရာတွင် စိုက်ထူ ထားသည့် ကြော်ငြာဗီနိုင်း ပိုစတာများနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်းဘုတ် များတွင် မေလ ၈ ရက်နေ့ နံနက်ပိုင်းက ရေးသားထားသည်ကို တွေ့ရကြောင်း ယင်းနေရာတစ်ဝိုက် နေထိုင် သူများက ပြောကြားသည်။
“ရဲတွေ လာကြည့်တယ်လို့ တခြားသူတွေ ပြောမှ ထွက်ကြည့်တာ။ ငါတို့ ကြည့်တော့ ကိုးနာရီ၊ ဆယ်နာရီ လောက်မှာ။ ဘုန်းမော်ရွှေ မကွေးတိုင်းမှ နုတ်ထွက်ပေးဆိုတဲ့ စာသားကို တွေ့ရတယ်” ဟု ထမင်းဆိုင်ပိုင်ရှင် ဒေါ်ခင်စန္ဒာက ဆိုသည်။

နံနက် ဆယ်နာရီခန့်က အခြားသူများ၏ ပြောစကားသံကြောင့် ထကြည့်မိကြောင်း၊ ဝန်ကြီးချုပ်၏ အုပ်ချုပ်ရေး ကောင်းခြင်း၊ ဆိုးခြင်းကို နားမလည်ကြောင်း၊ မိသားစု စားဝတ်နေရေးအတွက်ပင် အနိုင်နိုင် ရှာဖွေနေရကြောင်း ကွမ်းယာဆိုင်ရှင် ဦးအောင်ဇော်ဝင်းက ဆိုသည်။
နံနက်အစောပိုင်းက ထောက်လှမ်းရေးအချို့ လာရောက်ကာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်းဘုတ်တွင် “ဘုန်းမော်ရွှေ မကွေးတိုင်းမှ နုတ်ထွက်ပေး” ဆိုသော စာသားကို ဖတ်ရှုပြီးနောက် ဖျက်ပစ်ခဲ့ကြောင်း၊ စာသားမှာ သံပြားအောက်ခံကို ဆော့ပင်အပြာဖြင့် ရေးထားရာ အလွယ်တကူ မပျက်၍ စပရေးဖျန်းကာ ဖျက်ဆီးခဲ့သည်ကို တွေ့ရကြောင်း ယင်းအနီးနားမှ ဒေသခံတစ်ဦးက ပြောကြားသည်။

စာရေးသားမှုနှင့် ပတ်သက်၍ ၎င်းတို့အနေနှင့် မသိရှိကြောင်း မကွေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက ဆိုသည်။

The Voice weekly

No comments:

Post a Comment