Saturday 10 May 2014

အင်နောန်ကောင် ဒေသတွင် ကေအိုင်အေနှင့် အစိုးရတပ် တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် မန်စီမြို့နယ် ကျောက်ဖြူရွာအနီးရှိ အင်နောန်ကောင် ဒေသ တွင် မေလ ၈ ရက် နံနက်ပိုင်းမှ စတင်၍ ကေအိုင်အေနှင့် အစိုးရ တပ် များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိကြောင်း ကေအိုင်အေ ဌာနချုပ် လိုင်ဇာမှ အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းနေ့ နံနက် ၈ နာရီမှ စတင်၍ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နှင့် အင်အား ၃၀၀ ခန့်ပါ အစိုးရတပ်များကြား ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ညနေ ၄ နာရီထိ ရပ်နားခြင်း မရှိသေးကြောင်းနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးစားရင်းများ မသိရှိနိုင်သေးကြောင်း ၎င်းက ဆက်လက် ပြော ကြားသည်။

“တိုက်ပွဲက ဧပြီလဆန်းထဲက ဖြစ်နေတာ ရက်ဆက်ပဲ။ မနေ့ကလဲ ပန်ခွန်ယန် ဒေသမှာ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။
အစိုးရတပ်နှင့် ကေအိုင်အေ တပ်ဖွဲ့များ မေ ၈ ရက်နေ့က တစ်နေကုန် တိုက်ပွဲ ဖြစ်နေခြင်းမှာ မဟုတ်ကြောင်း ယင်းနေ့ နေ့လယ်ပိုင်းက တရုတ်-မြန်မာ နယ်စပ်ရှိ ပန်ခန်းရွာအနီး ကေအိုင်အေမှ တပ်မတော် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက် ပစ်ပြေးသွားခြင်း ဖြစ်ကြောင်း မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဒေသအနီး တစ်ဝိုက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ လဂတ်ယန် စစ်ရှောင်စခန်းမှ စစ်ပြေး ဒုက္ခသည်များမှာ တရုတ်ပြည်ခြမ်းရှိ မူဆယ်-မန်ဝိန်းကြီး စစ်ရှောင်စခန်းများသို့ မေလ ၇ ရက်မှ စတင် ပြောင်းရွှေ့ လျက် ရှိကြောင်း ဗန်မော်မြို့ ဂရုဏာမြန်မာ လူမှုဖွံ့ဖြိုးရေးရုံး အစီအစဉ် ညှိနှိုင်းရေးမှူး ဦးနော်တင့်က ပြောကြားသည်။

“ဒီဒေသတစ်ဝိုက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတော့ ပြေးကြရတာပေါ့။ ဒုက္ခသည် အားလုံးဆို ၈၈ လောက် ရှိတယ်” ဟု ၎င်းကဆိုသည်။
အစိုးရနင့် ကေအိုင်အေတို့ကြား ဧပြီလဆန်းပိုင်းမှ စတင်ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးရန် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဖိတ်ကြားထားရာ မြစ်ကြီးနား မြို့တွင် မေလ ၁၃ ရက်နေ့၌ တွေ့ဆုံ ဆွေးနွေးရန် ရှိကြောင်း နှစ်ဖက်အဖွဲ့အစည်းများက သတင်း ထုတ်ပြန် ထားသည်။

The Voice Weekly

No comments:

Post a Comment