Friday 11 April 2014

ခရူးစ်ကို ခေါ်ယူရေး ဆွေးနွေးရန် မြူးနစ်၌ နောက်ချန်နေရစ်ခဲ့သည့် ယူနိုက်တက် အမှုဆောင်ချုပ်

ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်အပြီးတွင် မန်ချက်စတာ ယူနိုက်တက် အမှုဆောင် ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်သည် အသင်းနှင့်အတူ အင်္ဂလန်သို့ ပြန်မလာဘဲ ဂျာမနီတွင် ချန်နေခဲ့ကြောင်း သိရ သည်။
အဆိုပါ အစီအစဉ်သည် ဘိုင်ယန်နှင့် စာချုပ်သက်တမ်းတိုးရေးကိစ္စ မပြေမလည် ဖြစ်နေသည့် ဂျာမန် လက်ရွေးစင် ကွင်းလယ်လူ တိုနီခရူးစ်ကို ယူနိုက်တက်က ခေါ်ယူရေး ဆွေးနွေးရန် အတွက် ဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ခရူးစ်သည် ဘိုင်ယန်နှင့် လုပ်ခလစာ ညှိနှိုင်းမှုကိစ္စ အဆင် မပြေ သဖြင့် စာချုပ်သစ် မချုပ်ဆိုဖြစ်သေးချေ။ ၎င်း၏ စာချုပ်သည် (၂၀၁၅)ခုနှစ် နွေရာသီတွင် ကုန်ဆုံးမည် ဖြစ်သည်။ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် စိတ်ဓာတ်၊ နည်းစနစ်နှင့် ကစားအားတို့ ကောင်းမွန်သည့် ခရူးစ်ကို သဘောကျနေပြီး ယင်းအတွက် ဝုဒ်ဝက်ဒ်က ဘိုင်ယန်အသင်း တာဝန်ရှိသူများနှင့် ဆွေးနွေးဖွယ် ရှိနေသည်။

အသက်(၂၄)နှစ်ရှိ ခရူးစ်သည် အသင်းကို အသစ်ပြန်လည် ဖွဲ့စည်းရန် လုပ်ဆောင်နေသည့် ယူနိုက်တက် အတွက် နွေရာသီ အဓိက ဦးစားပေးပစ်မှတ် ဖြစ်လာဖွယ် ရှိနေသည်။ ယခုသီတင်းပတ် အစောပိုင်းက ခရူးစ်အနေဖြင့် ကလပ်အသင်းဖော်များအား မိမိသည် ဘိုင်ယန်မှ ထွက်ခွာရန် ဆန္ဒရှိနေပြီဟု ဝန်ခံခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသေးသည်။ ခရူးစ်ကို ဘိုင်ယန်က ဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒရှိနေသော်လည်း စာချုပ်သက်တမ်း (၁)နှစ်မျှသာ ကျန်တော့သည့် ကစားသမားအတွက် ပေါင်စတာလင် သန်း(၂၀)ကျော်ဖြင့် ဈေးပေးကမ်းလှမ်းမှုများကိုမူ လက်ခံစဉ်းစားဖွယ် ရှိနေသည်။

ခရူးစ်သည် ဘိုင်ယန်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၆၀၀၀၀)မျှ ရရှိနေရာမှ ပေါင်စတာလင် (၁၅၀၀၀၀)ထိ တိုးမြှင့် တောင်းဆိုထားသည့်အတွက် အသင်းနှင့် ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေသည်။ ယူနိုက် တက် အနေဖြင့်မူ ခရူးစ်၏ လုပ်ခလစာ တောင်းဆိုမှုကို လိုက်လျောချဉ်းကပ်ဖွယ် ရှိနေကြောင်း လည်း သိရှိရသည်။

Soccer Myanmar

No comments:

Post a Comment