Friday 11 April 2014

ရေဒီယို၊ ရုပ်သံမီဒီယာကဏ္ဍ သတင်းလွတ်လပ်ခွင့်နဲ့ ဝေးကွာဆဲ

MRTV-4 ရုပ်သံလိုင်းမှ ကင်မရာသမားများ ဘောလုံးပွဲတစ်ပွဲတွင် ရိုက်ကူးရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
 
နိုင်ငံအတွင်းက ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေကို ကြည့်ကာ ကြိုတင်စိစစ်မှု လုံးဝ မရှိတော့ဘဲ သတင်း လွတ် လပ်ခွင့် တိုးတက်နေပြီလို့ ကောက်ချက်ချစရာ ဖြစ်ပေမယ့် ရေဒီယိုနဲ့ ရုပ်မြင်သံကြားမီဒီယာကဏ္ဍ မှာတော့ သတင်းလွတ်လပ်ခွင့် လုံးဝပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
လွတ်လပ်စွာ တင်ပြနေတဲ့ ပုံနှိပ်မီဒီယာ အများစုက ပို့ဆောင်ရေး အခက်အခဲကြောင့် စောင်ရေ သောင်း ဂဏန်း ၀န်းကျင်နဲ့ မြို့ကြီးတွေလောက်ပဲ ပျံ့နှံ့ချိန်မှာ တောရော၊ မြို့ပါ ပိုဖြန့်ကြက်နိုင်တဲ့ ရေဒီယို နဲ့ ရုပ်မြင် သံကြား မီဒီယာလုပ်ငန်းကတော့ အစိုးရ၊ တပ်မတော်ပိုင် မီဒီယာတွေရော၊ အစိုးရ ပုဂ္ဂလိကဖက်စပ်နဲ့ အစိုးရနဲ့နီးစပ်သူ တချို့ကို ခွင့်ပြုထားတဲ့ ပုဂ္ဂလိက မီဒီယာ တွေမှာပါ အစိုးရ အဖွဲ့ရဲ့ အပြည့်အ၀ ထိန်းချုပ် မှုအောက်မှာပဲ ရှိနေပါသေးတယ်။

ဒီမိုကရေစီစနစ်အတွက် လိုအပ်ချက် တစ်ခုအဖြစ် သတင်းလွတ်လပ်ခွင့် လှုပ်ရှားတဲ့ ဒီနေ့ ကာလမှာတော့ မတ်လအတွင်းက ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မီဒီယာပြုပြင်ပြောင်းလဲရေး နောက်တစ်ဆင့် အနေနဲ့ ရေဒီယို၊ ရုပ်သံမီဒီယာလုပ်ငန်း အတွင်း ပုဂ္ဂလိကရေဒီယို၊ ရုပ်သံလိုင်းတွေ ထပ်ထူထောင်ခွင့်ပြုမယ့် ရုပ်/သံ လွှင့် မီဒီယာဥပဒေ မူကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအနေနဲ့လုပ်ရိုး လုပ်စဉ်ဖြစ်ပေမယ့် ရေဒီယိုနဲ့ ရုပ်မြင်သံကြား မီဒီယာ လုပ်ငန်း မြန်မာပြည်ကို စရောက်ကတည်းက အစိုးရကပဲ လုပ်ကိုင်ခဲ့ပြီး ဒီမိုကရေစီစနစ် လုပ်နည်း လုပ် ဟန်တွေ တိုးမြှင့်နေတဲ့ လက်ရှိကာလမှာမှ ပုဂ္ဂလိကကို ပထမဆုံးလုပ်ကိုင်စေမယ့် ဒီအစီအစဉ်က မိမိနိုင်ငံအတွက်လည်း ကြီးကျယ်တဲ့ အလှည့်အပြောင်းလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ဥပဒေပါ အဓိက ပြုပြင် ပြောင်းလဲမှုဖြစ်တဲ့ ရေဒီယို၊ ရုပ်မြင်သံကြား လုပ်ငန်းပုဂ္ဂလိက ပိုင်ဆိုင်မှုဟာ ၂၀၁၅ ခုနှစ် အလွန်လောက်မှ လက်တွေ့ အကောင်အထည်ပေါ်နိုင်ပြီး ပေါ်ပြီးတဲ့ နောက်မှာ လည်း ရေဒီယို၊ ရုပ်သံလွှင့် လုပ်ငန်းရဲ့ အရင်းအနှီး၊ နည်းပညာ၊ လူ့စွမ်းအား ရင်းမြစ် လိုအပ် ချက်တွေကြောင့် သတင်းလွတ်လပ်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်တဲ့ ရေဒီယို၊ ရုပ်သံ မီဒီယာကြီးတွေကို မမျှော်လင့်နိုင်သေးဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

"ဥပဒေ ထွက်လာပြီးလည်း ရုပ်သံလွှင့် လုပ်ငန်းမှာ သတင်းလွတ်လပ်ခွင့် လောလောဆယ် တက်လာ ဖို့တော့ မထင်ပါဘူး"လို့ နော်ဝေ အခြေစိုက် DVB ရုပ်သံလိုင်းရဲ့ မြန်မာဗျူရို တာဝန်ခံ ဦးတိုးဇော်လတ်က ဆိုတယ်။

"အခုမှ မြေစမ်းခရမ်းပျိုး ဥပဒေလုပ်ကြည့်နေရတာကိုး။ ဒီမှာက ဘယ်သူမှ အတွေ့အကြုံ ရှိသေးတာ မဟုတ်ဘူး။ လက်တွေ့ အခက်အခဲတွေက အများကြီး ရှိပါသေးတယ်။ ပြည်သူကို တကယ် သတင်းပေးတဲ့ လွတ်လပ်တဲ့ ရုပ်သံမီဒီယာ ကြီးတွေပေါ်လာဖို့တော့ အဝေးကြီးလိုပါသေးတယ်"လို့ ဆိုတယ်။

လွှတ်တော်ကို ဥပဒေကြမ်း တင်သွင်းပြီး စတင် ဆွေးနွေးတဲ့အဆင့် ရောက်ဖို့ အနည်းဆုံး ခြောက်လ အချိန်ယူတဲ့ အတွက် ဆွေးနွေးချိန် အပါအ၀င် ၂၀၁၃၊ စောစောပိုင်း ကတင်တဲ့ ပုံနှိပ်မီဒီယာဥပဒေများ ၂၀၁၄ မတ်လမှ ထွက်ရှိခဲ့ပြီး နည်းဥပဒေ စောင့်ဆိုင်းရင်းနဲ့ ယခုနှစ်ကုန် သို့မဟုတ် ၂၀၁၅ နှစ်ဆန်းမှ ကျင့်သုံးနိုင်မှာ ဖြစ်လို့ ရုပ်/သံ လွှင့် ဥပဒေလည်း ၂၀၁၅ နှစ်ဆန်းခန့်မှ ထွက်ကာ ၎င်းနှစ်ကုန်ပိုင်း၊ သို့မဟုတ် ၂၀၁၆ ခုနှစ်မှာမှ ကျင့်သုံးနိုင်ဖွယ်ရှိပါတယ်။

ဥပဒေကြမ်းအရ လိုင်စင်စနစ်နဲ့ ခွင့်ပြုမှာဖြစ်တဲ့အတွက် လိုင်စင်လျှောက်ထားချိန် အပါအ၀င် လွတ်လပ်တဲ့ ပုဂ္ဂလိက ရုပ်/သံ လွှင့် မီဒီယာများပေါ်ဖို့ အချိန်ယူဦးမယ့် ကာလမှာ ၂၀၁၅ ရွေးကောက်ပွဲပြီးချိန် အထိ တော့ရေဒီယို၊ ရုပ်သံမီဒီယာကဏ္ဍဟာ ဒီမိုကရေစီအကူးအပြောင်း လုပ်ငန်းမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ဘဲ ဖျော်ဖြေရေး၊ အစိုးရအဖွဲ့ရဲ့လှုပ်ရှားမှုနဲ့ အာဘော်ထုတ်ပြန်ရေး ယန္တရားအဖြစ်ပဲ တည်ရှိနေဦး မှာဖြစ် ပါတယ်။

တစ်နိုင်ငံလုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေတဲ့၊ လွတ်လပ်တဲ့ ပုဂ္ဂလိက စာစောင်တွေအနေနဲ့ အားကြိုး မာန်တက် တင်ဆက်နေတဲ့ နိုင်ငံရေးသတင်းတွေ၊ ဆန္ဒ ထုတ်ဖော်ပွဲ၊ အဓိကရုဏ်းများ၊ လယ်ယာမြေ သိမ်းမှုများ၊ အလုပ်သမား၊ တိုင်းရင်းသား အရေးနဲ့ ငြိမ်းချမ်းရေး၊ အခြေခံဥပဒေကိစ္စ အငြင်းအခုန်စတဲ့ သတင်းများရေဒီယိုလိုင်းနဲ့ တီဗွီဖန်သားပြင်တွေမှာ ပျောက်နေတာနဲ့ ပတ်သက်ပြီး လက်ရှိ ရုပ်သံမီဒီယာ လုပ်ကိုင်နေသူတွေက ဒီအကြောင်းပြောဖို့ စောသေးတယ်လို့ ဆိုပါတယ်။

"သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ပြောဖို့ကတော့ ဒီအချိန်မှာ နည်းနည်း စောနေသေးတယ်။ ရုပ်သံလွှင့် လုပ်ငန်းမှာ ဥပဒေတွေဘာတွေနဲ့ ပတ်သက်ပြီး စောနေသေးတယ်။ ဒုတိယက ပုဂ္ဂလိက ရုပ်သံ လွှင့်ဌာနလို့လည်း မရှိသေးဘူး။ အစိုးရရဲ့ ပေါ်လစီနဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေသေးတာ ပေါ့"လို့ MRTV-4 က အစီအစဉ်ဒါရိုက်တာ ဦးမျိုးမြတ်သူ ကဆိုတယ်။

"အခုကအစိုးရနဲ့ နီးစပ်သူတွေကပဲ လုပ်ကိုင်ပြီးတော့ လက်ဝါးကြီးအုပ်နေတယ်။ ဥပဒေပြဋ္ဌာန်း လိုက်ပြီး ရင်တော့ ပိုင်ဆိုင်မှုပိုင်းမှာ အရွေ့တစ်ခုဖြစ်လာမယ်လို့ မျှော်လင့်တယ်။ နောက်တစ်ခုက  editorial freedom ပေါ့။ ထုတ်ဝေသူရဲ့ အာဏာက သတင်းပိုင်းမှာလာပြီး လွှမ်းမိုးမနေဖို့ အရေးကြီးတယ်။ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးထားဖို့လိုတယ်။ အဲလိုပေါ်လာမှပဲ ရုပ်သံလိုင်းတွေ က လူထုကို တကယ်အကျိုးပြုလာမှာပါ"လို့ သတင်း လွတ်လပ်ခွင့်လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မော်ကွန်းသတင်းမဂ္ဂဇင်းက အယ်ဒီတာ ဦးဇေယျာလှိုင် ကဆိုတယ်။

လက်ရှိ ရုပ်/သံမီဒီယာလောကမှာ ရုပ်သံလိုင်းများအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနရဲ့  MRTV၊ ကာကွယ်ရေး ၀န်ကြီး ဌာနရဲ့ မြ၀တီ၊ ပြန်ကြားရေးနဲ့ Forever Group ဖက်စပ် MRTV-4၊ ပြန်ကြားရေး နဲ့ ရွှေသံလွင်မီဒီယာဖက်စပ် အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ Myanmar International (MI)၊ ရွှေသံလွင် မီဒီယာပိုင် အခမဲ့လိုင်း MNTV နဲ့ အခပေးရုပ်သံလိုင်း SkyNet UptoDate၊ ရေဒီယိုလိုင်း များအဖြစ် မြန်မာ့အသံနဲ့ အက်ဖ်အမ်လိုင်း အတော်များများ ထုတ်လွှင့် နေပါတယ်။

ဂြိုဟ်တုမှတစ်ဆင့် ပြည်ပသတင်းချန်နယ်များ အပါအ၀င် ရုပ်သံလိုင်းများဖြန့်ချိတဲ့လုပ်ငန်းကို Forever Group၊ ရွှေသံလွင် မီဒီယာနဲ့ Family Entertainment တို့က လုပ်ကိုင်လျက်ရှိပါတယ်။

ရုပ်/သံဥပဒေကြမ်းအရ ရှေ့လျှောက်လည်း ကာကွယ်ရေးအပါအ၀င် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေ သကြီး/ပြည်နယ် အစိုးရများနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့များက ပြည်သူ့ဘဏ္ဍာ ငွေနဲ့ရေဒီယို၊ ရုပ်သံလုပ်ငန်း လုပ်ကိုင်နိုင်ပြီး လက်ရှိပြန်ကြားရေးဝန်ကြီးဌာနပိုင်များက ပြည်သူ့ဘဏ္ဍာငွေနဲ့ပဲ အများပြည် သူ ၀န်ဆောင်မှုအဖြစ်လုပ်ကိုင်မယ်လို့ ဆိုပါတယ်။

မည်သည့်အစိုးရအဖွဲ့ တက်သည်ဖြစ်စေ အစိုးရဆက်စပ် ရေဒီယို၊ ရုပ်သံလိုင်းများက အခိုင်အမာ ဆက် လက် တည်ရှိနေနိုင်ပြီး လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်များကိုလည်း ရေဒီယို၊ ရုပ်သံ လုပ်ငန်းတိုးချဲ့ လုပ်ကိုင်ခွင့် မပြုတဲ့အတွက် လွတ်လပ်တဲ့ ပုဂ္ဂလိကစစ်စစ် ရေဒီယို၊ ရုပ်သံ မီဒီယာများ ထူထောင်ဖို့နဲ့ စီးပွားရေးအရ ရေရှည်ရပ်တည်ဖို့ ခက်ခဲမယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းပါတယ်။

"ဥပဒေသစ်မှာ မှန်မှန်ကန်ကန်ပြဋ္ဌာန်းထားရင် တကယ့်သတင်းတွေ ထည့်လာနိုင်မယ့် အခွင့်အရေး ရှိပါတယ်။ ဒါပေမဲ့ ပြဿနာက အခြေကျပြီးသားလုပ်ငန်းတွေ သို့မဟုတ် အာဏာရှိ သူနဲ့နီးစပ်သူတွေ ကပဲ ဒီအခွင့်အရေးတွေကိုအသုံးချသွား၊ အမြတ်ထုတ်သွားနိုင်တာပဲ"လို့ Southeast Asian Press Alliance က အမှုဆောင် ဒါရိုက်တာ Ms Gayathry Venkiteswaran ကဆိုတယ်။

"မီဒီယာတွေထဲမှာ ရေဒီယိုကတော့ အများဆုံးရောက်တယ်။ Community FM လေးတွေပြန့်ပွား လာဖို့ လိုတယ်။ ဒါပေမဲ့ စီးပွားရေးအရ ရေရှည်ရပ်တည်ဖို့က နည်းနည်းခက်ခဲမယ်။ သူကကြော်ငြာ ၀င်ငွေ ကနေလာရမှာကိုး။ အခုမှစပြီး အပြောင်းအလဲဖြစ်တဲ့ အခါကျတော့ ရုပ်သံလွှင့်လောကမှာ လွပ်လပ်ခွင့် တိုးလာဖို့ကတော့ အများကြီးဆက်ပြီးတော့ လျှောက်ရဦးမှာပါ။ စီးပွားရေးဆိုင်ရာရော၊ နည်းပညာ ပိုင်းဆိုင်ရာရော ကျွန်တော်တို့ အများကြီးဆက်ပြီး ရုန်းကန်ရဦးမယ်"လို့ ဦးဇေယျာလှိုင်က ဆိုတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ပုံနှိပ်ထုတ်ဝေလောကထက် ပိုခက်ခဲနေတဲ့ ရုပ်/သံလောကရဲ့ နော က်ပြဿနာ တစ်ခုကလည်း ရုပ်/သံဂျာနယ်လစ် အရေအတွက် နည်းပါးပြီး၊ အရည်အသွေး  အကန့်အသတ် ရှိတာဖြစ်တယ်လို့ ဆိုပါတယ်။

"ရုပ်သံလွှင့်ဘက်က ဂျာနယ်လစ်တွေ မတက်ကြွတာတော့ မဟုတ်ဘူး။ ရှိမှမရှိတာကြီးကိုး"လို့
ဦးတိုးဇော်လတ် ကဆိုတယ်။

"အရင်တုန်းက မရှိဘူး။ အခုတိုင်းပြည် ပြောင်းလဲပြီး ၂၀၁၀ မှာမှပေါ်လာတာ။ ပုံနှိပ်မီဒီယာမှာက
အစောကြီးကတည်းက သွားကြလာကြလုပ်ကြတော့သူက အများကြီး ရှေ့ရောက်တာပေါ့"လို့
ဦးမျိုးမြတ်သူက ဆိုတယ်။

"ရုပ်သံလွှင့်မှာက နည်းပညာတွေပါနေတယ်။ သင်တန်းပေးရင် အဲဒါတွေကိုပါ ပေးနေရတယ်။
စက်ပစ္စည်းတွေ လိုတယ်။ နည်းပညာတွေလည်း လိုတယ်"လို့လည်း သူကဆိုတယ်။

ဥပဒေပိုင်းဆိုင်ရာ အခြေအနေတွေ တင်မက ပုံနှိပ်ထုတ်ဝေလောကထက် ပိုဝန်းကျယ်တဲ့ အဆိုပါ
လက်တွေ့အခြေအနေတွေကြောင့်လည်း ရေဒီယို၊ ရုပ်သံ လောကအတွင်း သတင်းလွတ်လပ်မှု
အကောင်အထည်ဖော်ရေးဟာ မျှော်လင့်ထားချက်တစ်ခုအဖြစ်ပဲ ရှိနေဦးမယ်လို့ ဦးမျိုးမြတ်သူက
ဆိုပါတယ်။

"သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မျှော်လင့်ထားချက်တော့ ရှိပါတယ်။ ဒီမိုကရေစီကျင့်စဉ်တွေ
နဲ့အညီ လုပ်ရမယ့် ဟာတွေထဲမှာ သတင်းလွတ်လပ်ခွင့်ကလည်း ထိပ်တန်းက ပါတယ်လေ။
အဲဒီအတွက်ကြောင့်မို့လို့ ဒါကတော့မျှော်လင့်ထားတယ် ပေါ့နော်"လို့ ဆိုပါတယ်။

စန္ဒာလွင် / မြန်မာတိုင်း(မ်)

No comments:

Post a Comment