Friday 11 April 2014

အဆင်းရဲဆုံးကျေးရွာများအတွက် မြစိမ်းရောင်စီမံကိန်း အောင်မြင်ရန် အရေးကြီး

ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက တစ်နိုင်ငံလုံးရှိ အဆင်းရဲ ဆုံးကျေးရွာ တစ်ထောင်ကျော် အား မြစိမ်းရောင်စီမံကိန်းဖြင့် တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ ထုတ်ချေးသွားမည်ဟု သိရသည်။
အဓိက တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ရန်ဖြစ်သည်။ ဤလုပ်ငန်းမှာ ဆင်းရဲမှု လျှော့ချရေး၏ အစိတ်အပိုင်း တစ်ခုဟု ဆိုရပေမည်။ ကျွန်တော်တို့နိုင်ငံ တွင် လွှတ်တော်အစိုးရပေါ်လာသည့်အခါ ဆင်းရဲမွဲတေမှု ပပျောက်ရေး အသံကိုဟစ်ကြွေးကာ သတင်းစာများ သည် ခေါင်းစီးစာလုံးမည်းကြီးဖြင့် ဟိတ်ဟန် ထုတ်ပြခဲ့ သည်။ ဆင်းရဲမွဲတေမှုကို ၀န်ကြီးဌာနအလိုက်လုပ် ရန်ဟု ဆုံးဖြတ်ကာ သက်ဆိုင်ရာဝန်ကြီးဌာနများက ဆင်းရဲသူများ လိုက်ရှာခဲ့ကြသည်။ သိန်းရာပေါင်းများစွာ အသုံးပြုခဲ့ကြသည်ဟု ဆို သည်။

မည်သို့လုပ်လိုက်သည်ကို မသိပါ။ ဆင်းရဲမွဲတေမှုလည်း အသံ တိတ်သွားသည်။ မြန်မာနိုင်ငံသားတို့ ချမ်းသာ သွားကြပြီလား။
လယ်သမားများ လယ်ယာမဲ့၍ ပိုမိုဆင်းရဲကြသည်။ လူသားချင်း စာနာမှုမရှိသူများ၏ လယ်ယာမတရား သိမ်းယူမှုက မရပ်သေး။ သူခိုး က လူဟုဟစ်နေကြ သည်မှာ လွှတ်တော်အထိ အသံများက ကြားနေ ရသည်။ မည်သူ့ကို နိုင်ငံသားတို့က အားကိုးရမည်နည်းဟု မေးခွန်း ထုတ်စရာဖြစ်နေသည်။ ယခုကျေးလက် ဖွံ့ဖြိုးရေး ဦးစီးဌာန ၏ အဆင်းရဲဆုံးကျေးရွာ တစ် ထောင်ကျော်အား ငွေချေးငွေပေး ၍ မွေးမြူရေး လုပ်စေသည်။

အလွန် ကောင်းသောစီမံကိန်းပင်ဖြစ်သည်။ ငွေပြန်ဆပ်ရန် ၀ိုင်းကြီးချုပ်ဖြင့် တာဝန်ယူစေသည်။ သို့ရာတွင် ၀ိုင်းကြီးချုပ်ထက် အရေးကြီးသည်ကို တာဝန်ရှိသူတို့ သတိထားသင့်သည်။ ကျေးရွာများမှ ထုတ်လုပ်ပေး လိုက်သော ကုန်ပစ္စည်းများအတွက် ဈေးကွက်သည် အရေးအကြီး ဆုံး ဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများမှ ထွက်လာသည့် ကုန်ပစ္စည်းများ အလွယ်တကူဈေးကွက်ရရှိရမည်ဖြစ်သည်။ ထုတ်လုပ်ပစ္စည်း ၀ယ်သူ မရှိက အဆိုပါလုပ်ငန်းပျက်စီးသွားလိမ့်မည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆင်းရဲသားများကို ငွေချေးရာတွင်လည်း ၀ိုင်းကြီးချုပ်စနစ်ပင်ဖြစ်သည်။ သို့ရာတွင် ထွက်လာသောထုတ်ကုန်များ အား ငွေချေးပေးသော ဌာန၏ ဈေးကွက်ဌာနခွဲမှ ထွက်သမျှပစ္စည်းများကို တာဝန်ခံ၍ဖြန့်ဖြူးပေးသည်။ ဈေးကွက်ရှာပေးသည်။ ထို့ကြောင့် ပြန်ဆပ် ငွေအတွက် ပူစရာမလို။ ထွက်ကုန် ပစ္စည်းအားလုံး ရောင်းချရရေးသာ အဓိကဖြစ်သည်။ အတုယူရမည့်နည်းလမ်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အစတော့ကောင်းကြသည်။ အနှောင်းက မသေချာ ကြပေ။ အဘယ့်ကြောင့်နည်း။ ပြီး လျှင်ပြီးရော တာဝန်ကျေလုပ်ကြ၍ဖြစ် သည်။ ယခုကျေး လက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ အဆင်းရဲ ဆုံးကျေးရွာ တစ်ထောင်ကျော်အား ချေးငွေထုတ်ပေးရာတွင် ကျေးရွာအလိုက် စီမံ ကိန်းများချမှတ်၍ အဆိုပါကျေး ရွာမှ ထွက်လာမည့်ထုတ်ကုန်များအား ဈေးကွက် ရှာ၍ ရောင်းချပေးခြင်း၊ ဈေးကွက် ရှာခြင်းများကို ဒွန်တွဲလုပ်မပေး နိုင်ပါက လုပ်ငန်းအောင်မြင်မှုမရှိဘဲ မကြာခင် ပျက် စီးသွားပေလိမ့်မည်။

သို့ဖြစ်ပါ၍ ပြည်သူ့ဘ၀ဖွံ့ဖြိုးရေးအတွက် စေတနာထားလုပ်ဆောင် ရာတွင် အကျိုးကျေးဇူးပို၍ရရှိစေရန် အတွက် လိုအပ်သောနောက်ဆက် တွဲလုပ်ငန်းဖြစ်သည့် ဈေးကွက်ရှာဖွေရေးလုပ်ငန်းကိုပါ ပူးတွဲ လုပ်ဆောင် သင့်ကြောင်း ဒီမိုကရေစီတူဒေးက အကြံပြုရေးသားလိုက် ရပါသည်။

Democracy today Daily Newspaper

No comments:

Post a Comment