Monday 3 March 2014

တောင်သူလယ်သမားများ အပါအ၀င် နိုင်ငံသားအားလုံးအတွက် လက်ငင်း အကျိုးဖြစ်ထွန်းမည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဦးစားပေးဆောင်ရွက်နေဟု သမ္မတပြောကြား

ကျန်ရှိနေသော အစိုးရသက်တမ်း ကာလအတွင်း တောင်သူလယ်သမားများ အပါအ၀င် နိုင်ငံသား အားလုံးအတွက် လက်ငင်းအကျိုးဖြစ်ထွန်း အကောင်အထည်ဖော်နိုင်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိသည်ဟု  ၂၀၁၄ ခုနှစ် မတ် ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနား သ၀ဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု မတ် ၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရပါသည်။


အဆိုပါ သ၀ဏ်လွှာတွင် ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်မှ စတင်ဖွဲ့စည်း တာဝန်ယူခဲ့သည့် အစိုးရသစ်သက်တမ်း သုံးနှစ်တာကာလအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေး လုပ်ငန်းတာဝန်များအား လုပ်ငန်းစဉ်(၈)ရပ် ရေးဆွဲအကောင်အထည် ဖော်လျက်ရှိရာ နိုင်ငံ၏ လူဦးရေရာ ခိုင်နှုန်း ၇၀ သော တောင်သူလယ်သမားများ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အဓိကဦးစားပေး လုပ်ငန်းအဖြစ် ကြိုးပမ်းဆောင်ရွက်နေသည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ကျန်ရှိနေသည့် အစိုးရသက်တမ်း ကာလအတွင်း၌ ရေရှည်အမျိုးသားရေး အကျိုးစီးပွားနှင့် ရေရှည်နိုင် ငံတော်ကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော အခြေခံအုတ်မြစ်များကို ခိုင်မာစွာ တည်ဆောက်ပေးနိုင်ရေး တာဝန်ကိုလည်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟုလည်း နိုင်ငံတော်သမ္မတက ဆိုသည်။

အစိုးရအနေဖြင့် နိုင်ငံသားအားလုံး၏ အခြေခံ လိုအင်ဆန္ဒ အစစ်အအမှန်ဖြစ်သော အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးအား အရှိန်အဟုန်ဖြင့် တိုးတက်ဖော်ဆောင် အကောင် အထည်ဖော်နိုင်ရေးအတွက် နည်းလမ်းများ ကြံဆရှာဖွေ ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

လက်ရှိအစိုးရ လက်ထက်တွင် မြေယာသိမ်းဆည်းမှုများကို ဆက်လက်ဆောင်ရွက်ခြင်း မရှိတော့ကြောင်း၊ ယခင်ကထက် မြေယာပိုင်ဆိုင်မှု ခိုင်မာသော လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်များကို အစိုးရသစ် လက်ထက်တွင် ထုတ်ပေးခဲ့ကြောင်း အစိုးရမှ မြေယာမဲ့ လယ်ယာမဲ့ အိမ်ယာမဲ့ နေထိုင်ရေးနှင့် အလုပ်အကိုင်ရရှိရေး စီစဉ်ပေးသွားမည်ဖြစ်ကြောင်း မြေမဲ့ယာမဲ့များအား နေရာချထားမှု အစည်းအဝေးတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ဖူးသည်။

Eleven Media Group

No comments:

Post a Comment