Saturday 22 March 2014

နိုင်ငံခြားကြွေးကျန် ဒေါ်လာသန်း ၉၅၀၀ အပြင် ကျပ်ဘီလျံ ၁၀၀၀၀ ကျော် ပြည်တွင်းကြွေးကျန်ရှိ

နိုင်ငံ၏ လိုငွေဖြည့်ဆည်းရန်အတွက် အစိုးရငွေတိုက် စာချုပ်နှင့် အစိုးရငွေတိုက် လက်မှတ်များ ထုတ်ရောင်းချထားမှုမှ ပြည်တွင်းကြွေးမြီ ၂၀၁၃ ခုနှစ် မတ် ၃၁ ရက်ထိ ကျပ်ဘီလျံ ၁၀၈၂၄ ရှိကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ် ၂၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည်။

ယခင်နှစ် အဆက်ဆက်မှ ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်အထိ ပြည်တွင်းကြွေးမြီ လက်ကျန်မှာ ကျပ်ဘီလျံ ၈၂၈၁ ဖြစ်ပြီး အစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၁၆၅၇၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၈၈၆ ဖိုးငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ရောင်းချဖြည့်ဆည်း ခဲ့ခြင်းကြောင့် ၂၀၁၃ ခုနှစ် မတ် ၃၁ ရက်ထိ ပြည်တွင်းကြွေးမြီမှာ ကျပ်ဘီလျံ ၁၀၈၂၄ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

အစိုးရငွေတိုက် စာချုပ်များကို နှစ်နှစ်၊ သုံးနှစ်နှင့် ငါးနှစ်စသဖြင့် သက်တမ်းသုံးမျိုး ခွဲခြားထားပြီး အတိုးနှုန်းများမှာ တစ်နှစ်လျှင် ၈ ဒသမ ၇၅ ရာခိုင်နှုန်း၊ ၉ ရာခိုင်နှုန်း၊ ၉ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကာ အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများ၊ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူများ ၀ယ်ယူရင်းနှီးမြှုပ်နှံကြပြီး အစိုးရငွေတိုက် လက်မှတ်များကိုမူ အဓိကအားဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကသာ ၀ယ်ယူရင်းနှီး မြှုပ်နှံကြောင်းနှင့် အစိုးရငွေတိုက် လက်မှတ်အတိုးနှုန်းမှာ တစ်နှစ်လျှင် လေးရာခိုင်နှုန်းဖြင့် သက်တမ်းသုံးလဖြစ်သည်။

"ပြည်တွင်းကြွေးမြီနှင့် ပတ်သက်၍ နှစ်စဉ်ဘဏ္ဍာငွေ အရအသုံး စာရင်းများတွင် လိုငွေကို တတ်နိုင်သမျှ ထိန်းချုပ်၍ ပြည်တွင်း ကြွေးမြီပမာဏကို သင့်လျော်သည့် အနေအထားတွင်သာ ရှိနေစေရန် ရည်မှန်းဆောင်ရွက် ရမည်ဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် မတ် ၃၁ ရက်ထိ အဆိုပါ ပြည်တွင်းကြွေးမြီ ကျပ်ဘီလျံ ၁၀၈၂၄ အပြင် ပြည်ပကြွေးမြီ ကျပ်ဘီလျံ ၉၄၀၂ (အမေရိကန်ဒေါ်လာ သန်း ၉၅၉၃ ဒသမ ၈၉၄) ပေးရန်ကျန်ရှိသည်။

ပြည်ပကြွေးမြီများမှာ အိုင်ဒီအေ၊ အေဒီဘီ၊ အိုပက် စသည့်နိုင်ငံတကာငွေကြေး အဖွဲ့အစည်း များ၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ ဆားဗီးယား၊ တရုတ်၊ ဂျာမနီ၊ ဖင်လန်၊ ပြင်သစ်၊ နယ်သာလန်၊ သြစတြီးယား၊ အင်္ဂလန်၊ ကနေဒါ၊ အီတလီနှင့် ဆော်ဒီအာရေဗျစသည့် နိုင်ငံများသို့ပေးရန် ကျန်ရှိနေခြင်း ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် ပြည်တွင်းပြည်ပကြွေးမြီ ကျပ်ဘီလျံ ၂၀၂၂၆ ပေး ရန် ရှိနေကြောင်း သိရသည်။ အဆိုပါ ပြည်တွင်းကြွေးမြီ အခြေအနေအရ ပြည် တွင်းကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၂၁ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုး မှာ ၁၅ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ကြွေးမြီနှင့် ဂျီဒီပီအချိုး ခန့်မှန်းခြေမှာ ၃၇ ရာခိုင်နှုန်း ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment