Saturday 22 March 2014

မလေးရှားလေယာဉ်ကိုရှာရင်း အိန္ဒိယ သမုဒ္ဒရာထဲ၌ အမျိုးအမည်မဖော်နိုင်သေးသော အရာဝတ္ထုကြီး တစ်ခု မျောနေသည်ကို တရုတ်ဂြိုဟ်တုတွေ့

ပျောက်ဆုံးလျက်ရှိနေသော MH370 လေယာဉ်ကို ရှာဖွေမှုများ ပြုလုပ်နေစဉ် တရုတ်ဆက် သွယ်ရေး ဂြိုဟ်တုများက တစ်စုံတစ်ခု၏ ကြီးမားသော အကျိုးအပဲ့ အပျက်အစီး တစ်ခု အိန္ဒိယသမုဒ္ဒရာထဲတွင် မျောနေခဲ့သည်ကို တွေ့ရှိထားကြောင်း တရုတ် အာဏာပိုင်များက ဆိုခဲ့ သည်ဟု မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက စနေနေ့တွင် ပြောကြားခဲ့သည်။

၃ဝ မီတာခန့် ရှည်ကာ ၂၂ မီတာခန့် ကျယ်ဝန်းသော အမျိုးအမည် မဖော်နိုင်သေးသည့် အရာ ဝတ္ထု တစ်ခု အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ရှိနေခဲ့သည်ကို တရုတ်ဆက်သွယ်ရေး ဂြိုဟ်တု များက အာရုံခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Hishammuddin Husseinက ပြောကြားခဲ့သည်။ အိန္ဒိယသမုဒ္ဒရာမှာ အဓိက ရှာဖွေမှုများ ပြုလုပ်နေသော နေရာ တစ်ခုလည်း ဖြစ်သည်။

အခြားအသေးစိတ် အချက်အလက်များကို သူက မပြောခဲ့သော်လည်း၊ တရုတ်အာဏာပိုင်များ အနေဖြင့် နာရီအနည်းငယ်အတွင်းတွင် တရားဝင် ကြေညာလိမ့်မည်ဟု မျှော်လင့်ရကြောင်း သူက စနေနေ့ မွန်းလွဲပိုင်းက ဆိုခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်းကလည်း၊ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းရှိ နေရာတစ်ခုတွင် လေယာဉ်အမှတ် MH370 ၏ အစိတ်အပိုင်းများ ဖြစ်နိုင်သည်ဟု ယူဆရသော အရာဝတ္ထုများ မျောနေသည်ကို ဆက်သွယ်ရေးဂြိုဟ်တုက တွေ့ခဲ့ရသည်ဟု သြစတြေးလျက ကြေညာခဲ့ သည်။ ထိုနေရာသို့ ထွက်ခွာသွားခဲ့သော သြစတြေးလျ၏ အိုရိုင်ယန် လေယာဉ် ပထမအစီး မှာမူ အောင်မြင်မှုမရဘဲ ပြန်လာခဲ့ရသည်။

ရာသီဥတု အနည်းငယ် ဆိုးဝါးခြင်းနှင့် ပင်လယ်ပြင် အခြေအနေများကြောင့် ရှာဖွေရေးတွင် အခက်အခဲများ ရှိခဲ့ကြောင်း သြစတြေးလျလေယာဉ်၏ လေယာဉ်မှူး Peter Moore က ပြောခဲ့သည်။

သြစတြေးလျလေယာဉ် အမှုထမ်းများအနေဖြင့် ထူထပ်သော တိမ်များ၊ နေရာကွက်ကျား ရွာ သွန်း ခဲ့သောမိုးများနှင့် ပင်လယ်မြူများကို ဖြတ်သန်းကာ ပျံသန်းမောင်းနှင်၍ ရှာဖွေခဲ့ရခြင်း ဖြစ်ကြောင်း သူက ပြောပြခဲ့သည်။

သို့ရာတွင် ၎င်းတို့၏ လေယာဉ်အနေဖြင့် သတ်မှတ်ထားသော ဧရိယာတွင် မူလက အစီအစဉ် ချထား ခဲ့သည့်အတိုင်း ရာနှုန်းပြည့် လုပ်ဆောင်နိုင်ခဲ့သည်ဟုလည်း ဆိုခဲ့သည်။

“ဒါပေမဲ့ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်က အပျက်အစီး အပိုင်းအစ နဲ့ ပတ်သတ်ပြီး ဘာအထောက်အထားမှ ရှာမတွေ့ခဲ့ပါဘူး” ဟု Peter Moore က ပြောခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment