Wednesday 26 February 2014

ဖွဲ့စည်းပုံအခြေခံဥပဒေအား မြန်နိုင်သမျှ မြန်မြန်ပြုပြင်မှသာ မြန်မာနိုင်ငံနှင့်ပြည်သူများ တိုးတက်နိုင်မည်ဟု NLD ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဦးကိုနီပြောကြား Wednesday, February 26, 2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန်အတွက် ပြည်သူများအပါအ၀င် နိုင်ငံတကာက စိတ်အားထက် သန်နေသော် လည်း အာဏာရပါတီနှင့် တပ်မတော်အတွင်းမှ အချို့လူများအနေနှင့် ပြင်ဆင်ရန် စိတ်မ၀င် စားသည့်ပုံသဏ္ဌာန် ပြသနေမှုအပေါ်တွင် အခြေခံဥပဒေပြင်ဆင်ရန်အချိန် ကြာမြင့်ပါက တိုင်းပြည်နှင့်ပြည် သူ များသာ နစ်နာမှာဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် အမြန်ဆုံးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံဥပဒေအား မြန်နိုင်သမျှမြန်မြန်ပြင်ဆင်ရန် လိုအပ်သည်ဟု ဖေဖော်ဝါရီ ၂၄ ရက်က ရန်ကုန်မြို့ အမေရိကန်စင်တာ၌ ပြုလုပ်သည့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲတွင် NLD ပါတီ ဥပဒေအထောက် အကူပြုအဖွဲ့မှ အဖွဲ့ဝင် ဦးကိုနီက ပြောကြားသည်။

    
ဦးကိုနီက အာဏာရပါတီထဲတွင် အချို့က ပြင်ဆင်လိုစိတ်မရှိကြောင်းနှင့် အခြေခံဥပဒေပြင်ဆင်ရန်အတွက် အချိန်ဆွဲနေပုံရကြောင်း ဝေဖန်လိုက်ပြီး ထိုကဲ့သို့ပြုလုပ်နေခြင်းအားဖြင့် အကျိုးတစ်စုံတစ်ရာမရှိဘဲ တိုင်းပြည်နှင့်ပြည်သူသာ နစ်နာသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။         

မြန်မာနိုင်ငံအနေနှင့် ယခုအချိန်အထိ အဆင်းရဲဆုံးတိုင်းပြည်အဖြစ်သာ ရှိနေခဲ့ပြီး အမြန်ဆုံးဖွံ့ဖြိုး တိုးတက်ရန် လိုအပ်သည်ဟုလည်း ဦးကိုနီက ပြောကြားသည်။
    
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းချက်တစ်ခုဖြစ်သည့် ပုဒ်မ ၄၃၆ အရ လွှတ်တော် အတွင်းမှ အခြေခံဥပဒေကို ပြင်ဆင်ရန်မဖြစ်နိုင်အောင် ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ထိုပြဋ္ဌာန်းချက်အတိုင်း ပြင်ဆင်မည်ဆိုပါက ပုဒ်မတစ်ခုကို ပြင်ရန်အတွက် အချိန်လနှင့်ချီ၍ ကြာမြင့်မှာဖြစ်သောကြောင့် လွှတ်တော်ပြင်ပမှ ပြည်သူများအနေနှင့် အခြေခံဥပဒေအား ပြင်ဆင်လိုသည့်အကြောင်း အာဏာရပါတီနှင့် တပ်မတော်မှ တာဝန်ရှိသူများ သိရှိစေရန် ပြုလုပ်ရန်လိုအပ်သည်ဟုလည်း ဦးကိုနီက ပြောကြားသည်။
    
ထို့အပြင် ဦးကိုနီက တပ်မတော်သားများအတွင်း ပြည်သူများ၏ လိုအင်ဆန္ဒများအား နားလည်လက်ခံနိုင် သည့် တပ်မတော်သားအရာရှိ အများအပြားရှိပြီး တပ်မတော်သားဆိုသည်မှာ ပြည်သူလူထုအတွင်းမှ ပြည်သူများ သာဖြစ်သောကြောင့် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်လိုသည်ဟု ယုံကြည်ကြောင်းနှင့် တပ်မတော် ၏ လုပ်ပိုင်ခွင့်ကို ချုပ်ကိုင်ထားသည့် တပ်မတော်အရာရှိကြီး အနည်းငယ်ကသာ မပြင်ဆင် လိုခြင်း ဖြစ်နိုင်သည်ဟုလည်း ဆိုသည်။  
    
ထို့အပြင် NLD ပါတီအနေနှင့် အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေပြီး ပြည်သူအားလုံးနှင့်လည်း အခြေခံဥပဒေနှင့် သက်ဆိုင်သည့် ဆွေးနွေး ပွဲများ ကို ဆက်လက်ပြုလုပ်ရန်လည်း ရှိနေသည်ဟုလည်း ၎င်းကပြောကြားသည်။  

Eleven Media Group

No comments:

Post a Comment