Wednesday 26 February 2014

မန္တလေးစက်မှုဇုန် ဓာတ်အားလိုင်း တည်ဆောက်မှု ကန့်ကွက်မှုများကြောင့် ရပ်နားထားရဟုဆို

မန္တလေး စက်မှုဇုန်အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ပြည့်မီစွာ ရရှိရေးအတွက် ငါးမိုင်ခန့် ရှည် လျားသော ဓာတ်အားလိုင်း တည်ဆောက်လျက်ရှိရာ ပြည်ကြီးတံခွန်မြို့နယ် ရွာသစ်ကလေးကျေး ရွာ ဒေသ ခံ တောင်သူများ၏ ကန့်ကွက်မှုများ ရှိနေသောကြောင့် တည်ဆောက်မှု ရပ်နားထားရကြောင်း အဆိုပါ စက်မှုဇုန် မီးလင်းရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်မိုး က ပြောကြားသည်။

လက်ရှိ ယင်းဓာတ်အားလိုင်း တည်ဆောက်မှုမှာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကာ သတ်မှတ်ကာလ မတ်လအတွင်း ဓာတ်အားလိုင်း တည်ဆောက်မှု ပြီးစေရန်အတွက် တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့သို့ တင်ပြအကူအညီ တောင်းခံသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“ဒီမြေက စက်မှုဇုန်ထဲက မြေပါ။ အဆောက်အအုံ မဆောက်ဘဲ စည်းရိုးလောက်ပဲ ခတ်ထားတော့ အရင်က ဒီမြေကို ပိုင်ခဲ့ဖူးတဲ့ လယ်သမားတွေက တားမြစ်လို့ ခေတ္တရပ်နားထားတာပါ။ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းပြီးရင် ဒီဓာတ်အားလိုင်းကို ခရိုင်လျှပ်စစ် အင်ဂျင်နီယာဌာနက ကြီးကြပ်ပြီး ဆက်လက် တည်ဆောက်သွားမှာပါ” ဟု မန္တလေးခရိုင် လျှပ်စစ်အင်ဂျင်နီယာဌာန အကြီးတန်း အရာရှိ တစ်ဦး က ဆိုသည်။

မန္တလေးစက်မှုဇုန်အတွင်း လိုအပ်သော လျှပ်စစ်ဓာတ်အား ပြည့်မီစွာရရှိစေရေး၊ လျှပ်စစ်ဓာတ်အား တိုးချဲ့ သုံး စွဲနိုင်ရေးတို့အတွက် မန္တလေးခရိုင် လျှပ်စစ်အင်ဂျင်နီယာဌာန၏ ကြီးကြပ်မှုဖြင့် ယင်းစက်မှုဇုန် မီးလင်းရေး ကော်မတီ၏ ရန်ပုံငွေဖြင့် ငါးမိုင်ခန့် ရှည်လျားသည့် 18 MVA ဓာတ်အားလိုင်းကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က စတင်တည်ဆောက် ခဲ့ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

ပြည်ကြီးတံခွန်မြို့နယ် လမ်း ၅၀ - ၄၇ လမ်းကြား ဖိုးရာဇာလမ်းနှင့် ယောမင်းကြီး လမ်းကြားရှိ မန္တလေး တော်ဝင်ကုမ္ပဏီ အမည်ပေါက် စက်မှုဇုန်မြေပေါ်တွင် မူလလယ်ပိုင်ရှင်များက ဓာတ်အားလိုင်း သွယ်တန်းရေး ကိစ္စကို တားမြစ်ခဲ့သဖြင့် ခေတ္တရပ်နားထားခဲ့ရပြီး ဓာတ်အားလိုင်း တည်ဆောက်ရေး အချိန်မီ ပြီးစီးရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများသို့ တစ်ပတ်အတွင်း စာဖြင့်တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း အဆိုပါ မီးလင်းရေကော်မတီ အတွင်းရေးမှူး ဦးအောင်မိုးက ထပ်မံပြောကြားသည်။

အဆိုပါ ဓာတ်အားလိုင်း သွယ်တန်း ပြီးစီးပြီးပါက မန္တလေးစက်မှုဇုန်တွင် လျှပ်စစ်ဓာတ်အား တိုးချဲ့နိုင် သုံးစွဲနိုင်မည် ဖြစ်ပြီး ယင်းဇုန်တွင်၂၀၁၂ ခုနှစ် စက်တင်ဘာလအထိ ဓာတ်အားခွဲရုံနှစ်ရုံ၊ ထရန်စဖော်မာ ၃၅၃ လုံး၊ ပါဝါမီတာ ၁၁၁၈ လုံး၊ အိမ်သုံး မီတာ ၁၁,၀၃၀ လုံးနှင့် 20 MVA ထရန်စဖော်မာ တစ်လုံးရှိကာ ဓာတ်အားသုံးစွဲမှုမှာ ၄၀ မဂ္ဂါဝပ် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာဌာန၏ စာရင်းဇယားများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment