Tuesday 17 December 2013

အဲပုဂံလေယာဉ် ပျက်ကျမှု အဆုံးသတ်အစီရင်ခံစာ ယခုနှစ်ကုန် ထုတ်ပြန်မည်

အဲပုဂံ လေကြောင်းလိုင်းမှ ဖော်ကာ F-100 လေယာဉ်ပျက်ကျမှု အဆုံးသတ် အစီရင်ခံစာကို ယခုနှစ်ကုန် တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။
အဲပုဂံ လေယာဉ်ပျက်ကျမှု အပြီးသတ် အစီရင်ခံစာမှာ ပြီးစီးသွားပြီဖြစ်၍ အစီရင်ခံစာ အပေါ် Black Box စစ်ဆေးသည့် သြစတြေးလျနိုင်ငံမှ သဘောထားမှတ်ချက် ရပြီ ဖြစ်သော်လည်း လေယာဉ် ထုတ်လုပ်သည့် နယ်သာလန် နိုင်ငံ၏ သဘောထားမှတ်ချက်ရယူရန် ကျန်ရှိသေးကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီး ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လေယာဉ်ပျက်ကျပြီး တစ်နှစ်အတွင်း လေယာဉ်ပျက်ကျသည့် အကြောင်းအရင်း အစီရင်ခံစာကို ထုတ်ပြန်ရန် ICAO အပြည်ပြည်ဆိုင်ရာ လေကြောင်း အဖွဲ့အစည်းက ညွှန်ကြားထားသဖြင့် ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့တွင် တစ်နှစ်ပြည့် ပြီဖြစ်၍ အဆုံးသတ် အစီရင်ခံစာကို ထုတ်ပြန်ပေး ရမည် ဖြစ်သော်လည်း သတ်မှတ်ကာလ ကျော်လွန်ခဲ့ပါက တစ်ပတ်ကျော် ကာလအတွင်း ထုတ်ပြန်ပေး ရမည် ဖြစ်ကြောင်း၊ အကယ်၍ အပြီးသတ် အစီရင်ခံစာ မပြီးပြတ်ပါကလည်း ကြားဖြတ် အစီရင်ခံစာအဖြစ် ထုတ်ပြန်ပေးရမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

လေယာဉ်ပျက်ကျသည့် အကြောင်းအရင်းကို လေကြောင်းညွှန်ကြားမှု ဦးစီးဌာန ဝက်ဘ်ဆိုက်တွင် အင်္ဂလိပ် ဘာသာဖြင့် စာမျက်နှာတစ်ရာခန့် ရေးသားထားမည် ဖြစ်ပြီး လေယာဉ်ပျက်ကျရသည့် အကြောင်း ရင်းကို ဘက်ပေါင်းစုံက ခြုံငုံ သုံးသပ်ထားချက် များကိုပါ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ထံမှ စုံစမ်းသိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ပြုလုပ်မည့် လေယာဉ်မတော်တဆ ထိခိုက်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အဲပုဂံ လေယာဉ်ပျက်ကျမှု အစီရင်ခံစာကို ထည့်သွင်း ဆွေးနွေး ခဲ့ကြောင်း ယင်းဌာန ထံမှ ထပ်မံသိရှိရသည်။

Air Bagan လေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်အတိုင်း ပျံသန်းသည့် ဖော်ကာ F-100 အမျိုးအစား လေယာဉ် အမှတ် XY-AGC (ခရီးစဉ် အမှတ် ၀၁၁) သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ လ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျ မီးလောင်ကျွမ်းခဲ့ပြီး လူနှစ်ဦး သေဆုံး ခဲ့ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနက တရားဝင် ထုတ်ပြန် ထားခဲ့သည်။

The Voice Weekly

No comments:

Post a Comment