Tuesday 31 December 2013

နိုင်ငံရေးကြွေးကြော်သံများအဖြစ် တစ်ဖန်ပြန်မကျော့သင့်သည့် ၂၀၁၄

နှစ်ပေါင်း ၅၀ ကျော်ကြာ အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်အောက် ဆက်တိုက်နေခဲ့ရသည့် မြန် မာ နိုင်ငံ သည် ယခင် စစ်အစိုးရ၀န်ကြီးချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသစ် အနေဖြင့် ၂၀၁၁ ခုနှစ်၊ မတ် လ ၃၀ ရက်က အာဏာရလာပြီးနောက် ဒီမိုကရေစီနှင့် စီးပွားရေးပြုပြင်ပြောင်း လဲရေး များ ဆက်တိုက် လုပ်လာသဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအ၀န်းက ၀မ်းသာအားရ ကြိုဆိုခဲ့ကြ သည်။ အားပေးထောက်ခံခဲ့ကြသည်။ ပြည်သူများ၏ဘ၀ ဖူလုံစိတ်ချ၊ လုံခြုံမှုအတွက် မျှော် လင့်ချက် များ တစ်ဖန်ပေါ်ထွန်းလာခဲ့သည်။
ဒီမိုကရေစီရောင်ခြည် သန်းလာသည့်အချိန်၊ အမျိုးသားရင်ကြားစေ့ရေး လမ်းကြောင်း ပေါ်တက်လာ သည့်အချိန်၊ လွတ်လပ်မှုနှင့် တာဝန်သိမှုတို့ ဒွန်တွဲရှိလာမှုတို့ ၀ိုးတ၀ါးသိလာရလာသည့် အချိန်တွင်မှ ၂၀၁၃ ခုနှစ်ကား အစမကောင်းပေ။

ကချင်တိုင်းရင်းသား လက်နက်ကိုင်များအား ပြည်တွင်းစစ်အတွင်း ကြုံတောင့်ကြုံခဲ လေယာဉ်ဖြင့် ဗုံးကြဲ သည့်သတင်းက ၂၀၁၃ နှစ်သစ်အစတွင် အကျည်းတန်ခဲ့သည်။ ယခုနှစ်အတွင်း လူမျိုးရေး၊ ဘာသာရေး အကြောင်းပြ ပဋိပက္ခများလည်း ဖြစ်ပေါ်လာခဲ့ပြီး၊ ပြည်သူလူထုအကြား စိုးရိမ်ပူပန်မှုများက ၂၀၁၃ ခုနှစ် အတွင်း သိသာထင်ရှားခဲ့သည်။ သို့သော် တစ်နှစ်အတွင်း နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်မှုများက ၂၀၁၃ ခုနှစ်သည် အဆိုး၊ အကောင်းများ ရောထွေးနေသည့်နှစ်ဖြစ်သည်ဟု ဆိုရမည်။

ကောင်းသည့်အချက်များတွင် မြန်မာနိုင်ငံ၏ နိုင်ငံတကာ၊ အထူးသဖြင့် ဒေသအတွင်း ပူးပေါင်းဆောင် ရွက်မှုများ တိုးတက်မြင့်မားလာခဲ့ပြီး ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) နှင့် ၄၄ နှစ်ကြာမှ ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကဲ့သို့သော ပွဲများ အား ၂၀၁၃ အတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည်။ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသား အများအပြား လည်း ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၂၀၁၃ နှစ်အကုန်တွင် နိုင်ငံရေးအကျဉ်းသားများ ထပ်မံ လွှတ် ပေး လိုက်သည်။ လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုး တက်လာသလို၊ သတင်းမီဒီယာ စီးဆင်းမှု သည်လည်း လွတ်လပ်မြန်ဆန် လာခဲ့သည်။

သို့ရာတွင် ထိုကောင်းသည့် ဖြစ်ပေါ်တိုးတက်မှုများတွင်ပင်လျှင် လိုအပ်ချက်များ၊ မပြည့်စုံမှုများ၊ အပေါ် ယံဆန်မှုများ ယှဉ်တွဲနေပြီး၊ ပြည်သူတို့၏ မကျေနပ်သံများ ဖော်ထုတ်ဆန္ဒပြမှုများနှင့် အတိတ်က အရိပ် မည်းများ၊ အကျိုးဆက်များ ယှဉ်တွဲဖြစ်ပေါ်ခဲ့သည်။ အဆိုးဆုံးမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် လက်တွေ့ကျကျ အကောင်အထည်ဖော် တိကျသည့်ရလဒ်များမရှိသည့် ကတိက၀တ်များသည် အာ ဏာရအစိုးရ၏ နိုင်ငံရေးကြွေးကြော်သံ (Political Slogans) များအဖြစ်သာ ကျန်ရစ်ခဲ့သည်။

အနှစ် ၅၀ ကျော်ကြာ ပြဿနာများကို နှစ်ပိုင်းအတွင်း ဖြေမရှင်းနိုင်သည်မှာ မှန်သော်လည်း၊ နိုင် ငံရေးပြု ပြင် ပြောင်းလဲမှုအောက်တွင် အစိုးရသစ်သည် တိတိကျကျ ရဲရဲတင်းတင်း လုပ်ဆောင်မှု မရှိခဲ့ သည် များ ကို ၂၀၁၃ ခုနှစ်အတွင်း တွေ့မြင်ရသည်။

တစ်ဖက်တွင်လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၏ အဓိကယန္တရားတစ်ခုဖြစ်သည့် လွှတ်တော်သည် ခေတ် အဆက်ဆက် ဖိနှိပ်အုပ်ချုပ်သည့် ဥပဒေများကို ယခုတိုင် ပြန်လည်မရုပ်သိမ်းနိုင် သည် သာမက၊ အသစ်ပြဋ္ဌာန်းလိုက်သော ဥပဒေ၊ နည်းဥပဒေများသည်လည်း လွတ်လပ်မှုကို အကာအကွယ်ပေးရန် ဆိုသည့် အနှစ်အဓိပ္ပာယ်ကို အကောင်အထည် ဖော်မလာနိုင်ဘဲ အုပ်ချုပ်မှုယန္တရား၏ ဖိနှိပ်မှု လက်ကိုင် တုတ်အဖြစ် မသိမသာ ရော၊ သိသိသာသာ ဖြစ်လာမှုများ ရှိခဲ့သည်။ (စိန်ခေါ်ချက်တွေ ထင်ရှားလာတဲ့ ၂၀၁၃ နဲ့ မြန်မာ့ဒီမိုကရေစီရေး အခင်းအကျင်းကို ဖတ်ရှုရန်)။

ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင်အား လွှတ်တော်က ဖွဲ့စည်းသည်ဆိုသည့်အဖြစ်မှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိလာသည့် မြန်မာ့ဒီမိုကရေစီ အခင်းအကျင်းတွင် နိုင်ငံရေးဟာသ (Political Joke) တစ်ခုအဖြစ် သမိုင်းကျန်ခဲ့မည် ဖြစ်သည်။

မိမိတို့၏ နစ်နာချက်များ၊ အသီးသီး အယူအဆများအား နောက်ချန်ထားခဲ့ပြီး နိုင်ငံအကျိုးအတွက် ရှေးရှု ပြီး၊ အမျိုးသားရင်ကြားစေ့ရေး (National Reconciliation) ဦးတည်ချက်အောက်တွင် အတူတကွ လုပ် ဆောင်မည့် နိုင်ငံရေးခေါင်းဆောင်များသည်လည်း ၂၀၁၂ ခုနှစ်ကရရှိခဲ့သည့် ယုံကြည်မှု တည်ဆောက် ရေးများအလွန်တွင်၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအား ကြိုတင်ပြင်ဆင်သည့်လုပ်ရပ်များ၊ လွန်ဆွဲပွဲများ ကို ၂၀၁၃ ခုနှစ်အတွင်းတွင် တွေ့ခဲ့ရသည်။

၂၀၁၄ တွင် ထိုနိုင်ငံရေး အင်အားစုများအကြား၊ အထူးသဖြင့် လက်ရှိအာဏာရ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့အကြား နိုင်ငံရေးတိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်။

နှစ်သစ် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုအတွက် အရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲရေးအသံများ၊ ဆန္ဒပြုမှုများ၊ အကောင်အထည်ဖော်မှုများ ယခုထက်ပိုမို ဖြစ်ပေါ် လာ မည်ဖြစ်ရာ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၊ နိုင်ငံရေးပါတီများ အပါအ၀င် အရေးပါသော နိုင်ငံရေး အင်အားစုများအနေဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ခေါင်းစဉ်အောက် တွင် ဆက်လက် ရှိနေပြီး နိုင်ငံရှေ့ရေးအတွက် ရှေးရှုလုပ်ဆောင်ကြရန် မဇ္ဈိမက တိုက်တွန်းအပ်ပါသည်။

ထို့အပြင် ၂၀၁၄ ခုနှစ်သည် နိုင်ငံရေးအကျဉ်းသား လုံးဝမရှိသော မြန်မာနိုင်ငံ၊ ဖိနှိပ်ချုပ်ချယ်သော ဥပဒေ များ လုံးဝမရှိသော မြန်မာနိုင်ငံဖြစ်ရန်၊ အနှစ် ၅၀ ကျော်ကြာ ဖြစ်ခဲ့သည့် ပြည်တွင်းစစ်လုံးဝ (လုံးဝ) ရပ် တန့်ပြီး ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးမှုလမ်းကြောင်း ပေါ်တိတိကျကျ လျှောက်လှမ်းနိုင် သည့် မြန်မာနိုင်ငံဖြစ်ရန် အားလုံးဝိုင်းဝန်း လုပ်ဆောင်ကြပါရန် မဇ္ဈိမက နှိုးဆော်တောင်းဆိုပါသည်။

Mizzima - News in Burmese
(ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် မဇ္ဈိမသတင်းစာ၏ အယ်ဒီတာ့အာဘော်)

No comments:

Post a Comment