Tuesday 31 December 2013

ငါး၊ ပုစွန်မွေးသူများ ပိုင်ဆိုင်မှု ပြနိုင်ရေး ညှိနှိုင်းပေးမည်ဟု လယ်/ဆည်ဝန်ကြီး ကတိပြု

ငါး၊ပုစွန် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ဘဏ်ချေးငွေရယူရေးအတွက် အထောက်အထား တင်ပြ နိုင် ရန် ၀န်ကြီးဌာနအနေဖြင့် ညိှနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ကတိပြုပြောလိုက်သည်။
လက်ရှိအချိန်တွင် စပါးစိုက်ပျိုးသည့် တောင်သူများကို လယ်ယာသန်းခေါင်စာရင်းပြုလုပ်ပေးလျက်ရှိ ကာ ယင်းအထောက်အထားဖြင့် ဘဏ်တွင်လယ်ယာမြေကိုပေါင်နှံကာ ချေးငွေရယူနိုင်သည်ဟု လယ် ယာမြေဥပဒေသစ်တွင် ထည့်သွင်းအာမခံထားသကဲ့သို့ ငါး၊ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များ အားလည်း ပြု လုပ်ပေးစေလိုကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က တောင် သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ၊ နည်းဥပဒေများ ရေး ဆွဲနိုင်ရေး ဦးဆောင်အဖွဲ့၏ ပထမအကြိမ်အစည်းအဝေး ဒုတိယနေ့(၂၇)တွင် တင်ပြတောင်းဆို ခြင်းအပေါ် ၀န်ကြီးဦးမြင့်လှိုင်က ကတိပြုပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးဝင်းကြိုင်က “ပိုင်ဆိုင်မှုအထောက်အထားလိုချင်တဲ့ အဓိကရည်ရွယ်ချက်က ဘဏ်စနစ်ရဲ့ အကူအညီ လိုချင်လို့ပါ။ ခိုင်မာတဲ့ အထောက်အထားရမယ်ဆိုရင် အဲ့ဒါကိုအပေါင်အဖြစ်ထားပြီး အတိုးနှုန်းသက်သာတဲ့ ဘဏ်စနစ်ကနေ ငွေချေးချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ငါး၊ပုစွန်မွေးမြူသူများအနေဖြင့် အချို့တွင် သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပေးထား သည့် လုပ်ငန်း လိုင်စင်နှင့်အချို့တွင် မြေစာရင်းဦးစီးဌာနကထုတ်ပေးထားသည့် ပုံစံ(၁၀၅)သာရှိပြီး အခြားသော ခိုင်မာသည့်အထောက်အထားမရှိကြောင်း ယင်းကဆိုသည်။

ဦးဝင်းကြိုင်က “ငါးကန်(ငါးမြစ်ချင်း)တစ်ဧကကို ၂၅ သိန်း(ကျပ်)လောက်တန်ပါတယ်။ အဲဒါရဲ့ သုံးပုံတစ် ပုံလောက်တော့ ချေးငွေရရင် လုပ်ငန်းရှင်တွေအနေနဲ့ အဆင်ပြေမှာဖြစ်ပါတယ်” ဟု ပြောသည်။ရေးဆွဲ လျက်ရှိသော တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ တွင် တောင်သူ ဟူသော အဓိပ္ပာယ်သတ်မှတ်ချက်၌ ငါး၊ ပုစွန်မွေးမြူသူများကိုပါ ထည့်သွင်းထားသည်။

Mizzima - News in Burmese

No comments:

Post a Comment