Tuesday 8 October 2013

နျူကလီးယားအရေးနှင့်ပတ်သက်၍ အဆိုပြုချက်အသစ်များ ကမ်းလှမ်းရမည်ဖြစ်ကြောင်း အင်အားကြီးနိုင်ငံများကို အီရန်ပြော

အီရန် နျူကလီးယားပြဿနာနှင့်ပတ်သက်၍ အင်အားကြီးနိုင်ငံများအနေဖြင့် အဆိုပြုချက်အသစ်များ ထပ်မံကမ်းလှမ်းကြရန် အီရန်က တနင်္ဂနွေနေ့က တောင်းဆိုခဲ့ကြောင်း အောက်တိုဘာ ၇ ရက်က ဘီဘီစီ သတင်းဌာန မှ ဖော်ပြထားသည်။
အီရန် နျူကလီးယားအရေးနှင့် ပတ်သက်၍ အီရန်နှင့် အင်အားကြီးနိုင်ငံများ ဆွေးနွေးလျက်ရှိနေရာ အီရန်တွင် အလယ်အလတ်ဝါဒီ သမ္မတဟက်ဆန်ရိုဟန်နီ ရွေးကောက် တင်မြှောက်ခံရကာ အာဏာရရှိ လာပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ဆွေးနွေးပွဲလည်းဖြစ်ကာ ဆွေးနွေးပွဲကို နောက်အပတ်ထဲတွင် ပြန်စ မည်ဖြစ်သည်။

ယခင်ကမ်းလှမ်းချက်မှာ ရိုဟန်နီ အနိုင် ရခဲ့သည့် ဇွန်လ ရွေးကောက်ပွဲမတိုင် မီ၊ ဖေဖော်ဝါရီနှင့်ဧပြီလများ အတွင်းက ကာဇက်စတန် (Kazakhstan) တွင်ကျင်းပခဲ့သည့် အစည်းအဝေးနှစ်ခု၌ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနှင့် ဂျာမနီတို့ပါဝင်သည့် P5+1 အဖွဲ့က အဆိုပြုခဲ့ခြင်းဖြစ် သဖြင့် ယခုအခါ တရားမ၀င်တော့ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျက်ဗက်ဇာရစ်ဖ် (Mohammad Javad Zarif) ကဆိုခဲ့သည်။

“P5+1 အုပ်စုကအဆိုပြုခဲ့တဲ့ ကမ်းလှမ်းချက်အဟောင်းက သမိုင်းဖြစ်သွားပါပြီ။ ဒါကြောင့် သူတို့အနေနဲ့ ချဉ်းကပ်မှုအသစ်တစ်ခုနဲ့ ဆွေးနွေးမှုစားပွဲဝိုင်းကို လာသင့်ပါတယ်” ဟု ဇာရစ်ဖ်၏ ပြောကြားချက်ကို ISNA သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

ယခင် အဆိုပြုချက်များအရ အီရန်အနေဖြင့် ၂၀ ရာခိုင်နှုန်းအဆင့်ရှိ ယူရေနီယံသန့်စင်မှုကို ဆိုင်းငံ့ထားရ မည်ဖြစ်သည်။ သို့ရာတွင် ထိုအဆင့်ရှိ ယူရေနီယံသန့်စင်မှုမှာ ဆေးသုတေသန ဓာတ်ပေါင်းဖို များ ပြုလုပ်ရန် အတွက် လိုအပ်သည်ဟု အီရန်ကဆိုခဲ့သည်။ ထို့ပြင် ယခင် အဆိုပြုချက်များအရဆိုလျှင်၊ အီရန်နိုင်ငံ အလယ်ပိုင်း Qom မြို့အနီး #Fordo ဒေသရှိ မြေအောက်စက်ရုံတွင် လုပ်ဆောင်နေသည့် ယူရေနီယံသန့် စင်သည့်လုပ်ငန်းများကိုလည်း ရပ်ဆိုင်းရန် လိုအပ်သည်။

ဆွေးနွေးပွဲတွင် အင်အားကြီး ခြောက်နိုင်ငံအား ကိုယ်စားပြုခဲ့သည့် ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေး မူဝါဒဆိုင်ရာအကြီးအကဲ ကက်သရင်းအက်ရှ်တန် (Catherine Ashton) က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေစဉ် ကာလဖြစ်သည့် ပြီးခဲ့သည့်လအတွင်းက ပြောကြားခဲ့ရာတွင်၊ သူမအနေဖြင့် ယခင်အဆိုပြု ချက်များအပေါ် အီရန်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ဆိုခဲ့သည်။

ဇာရစ်ဖ်သည် နယူးယောက်မြို့တွင် အင်အားကြီးခြောက်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် စက်တင်ဘာ လ ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်၊ အီရန်၏ ရည်မှန်းချက်များနှင့်ပတ်သက်၍ နိုင်ငံတကာ စိုးရိမ်မှု များကို ဖြေဖျောက်ပေးနိုင်မည့် သဘောတူညီချက်တစ်ရပ်ကို တစ်နှစ်အတွင်း ရရှိလိမ့်မည်ဟု မျှော် လင့် ထားကြောင်း ဆိုခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment