ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်း ထားသူတွေကို ပြန်လွှတ်ပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ပြည်နယ်ကိုယ် စားပြု အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့ ကြေငြာချက်ထုတ် ပြီး တောင်းဆို လိုက်ပါတယ်။
"သံတွဲမှာဆူပူမှုဖြစ်တာ ဘယ်သူ့ကြောင့်ဖြစ်တာလဲ တရားခံအရင်းကို မရှာပဲနဲ့ အဖွဲ့အစည်းအသီးသီး က ခေါင်းဆောင်တွေကို အကုန်လုံးလိုက်ဖမ်းနေတယ်ဆိုတော့ကာ သူတို့က ဒီဆူပူဖြစ်အောင်လုပ်တာမှာ မပါတဲ့ပုဂ္ဂိုလ်ကများနေတယ်၊ မပါတဲ့ပုဂ္ဂိုလ်ကိုလွှတ်ပေးဖို့ အဲလိုသဘောထားထုတ်ပြန်ရခြင်းဖြစ်ပါတယ်"
RNDP ပါတီရဲ့ သဘောထားကြေငြာချက်ထဲမှာ သံတွဲမြို့နယ် RNDP ပါတီဥက္ကဌ ဦးစောလှိုင်နဲ့တကွ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ အခုလို မတရား စွပ်စွဲ ဖမ်းဆီးခြင်းတွေဟာ ပဋိပက္ခကို လျော့ပါးသွားစေမှာမဟုတ်ဘဲ မကျေနပ်မှုတွေသာများ လာနိုင်ကြောင်း ၊ RNDP ပါတီခေါင်းဆောင်တချို့ကို တရားခံဖြစ်စေဖို့ အကွက်ချစီမံလုပ်ဆောင်ခြင်း ခံခဲ့ရတာလို့ ယုံကြည်ကြောင်းစတဲ့ အချက် ၉ ချက်ပါရှိတယ် ဖော်ပြထားပါတယ်။
ဒီအတောအတွင်း RNDP ပါတီဥက္ကဌ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ပါတီခေါင်းဆောင်တွေဟာ သံတွဲမြို့နယ်ကို ရောက်ရှိနေပါတယ်။ သူတို့ရဲ့ခရီးစဉ်မှာ သက်ဆိုင်ရာ အာဏာ ပိုင်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေပြုလုပ်သွားမှာဖြစ်ပြီး ဒီစုံစမ်းမှုက ရလာတဲ့ရလာဒ်တွေကို အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ သိရပါတယ်။
RFA Burmese
No comments:
Post a Comment