Tuesday 8 October 2013

ပဋိပက္ခဇစ်မြစ်ကို သေချာစွာလေ့လာဖို့ အစိုးရကို တိုက်တွန်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ပြည်နယ်ကိုယ်စားပြု အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့ ကြေငြာချက် ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

အခုလက်ရှိမှာ အာဏာပိုင်တွေအနေနဲ့ ပဋိပက္ခရဲ့ဇာစ်မြစ်ကို သေချာစွာလေ့လာခြင်းမရှိဘဲ ဖမ်းဆီးနေတဲ့အတွက် ဒီသဘောထားကြေငြာချက်ကို ထုတ်ပြန်ရတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ကိုယ်စားပြု အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥက္ကဌဆရာတော် အရှင် နန္ဒောဘာသက RFA ကို မိန့်ကြားပါတယ်။

"သံတွဲမှာဆူပူမှုဖြစ်တာ ဘယ်သူ့ကြောင့်ဖြစ်တာလဲ တရားခံအရင်းကို မရှာပဲနဲ့ အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေကို အကုန်လုံးလိုက်ဖမ်းနေတယ်ဆိုတော့ကာ သူတို့က ဒီဆူပူဖြစ်အောင် လုပ်တာမှာ မပါတဲ့ပုဂ္ဂိုလ်ကများနေတယ်၊ မပါတဲ့ပုဂ္ဂိုလ်ကိုလွှတ်ပေးဖို့ အဲလိုသဘောထား ထုတ်ပြန် ရခြင်းဖြစ်ပါတယ်"

RNDP ပါတီရဲ့ သဘောထားကြေငြာချက်ထဲမှာ သံတွဲမြို့နယ် RNDP ပါတီဥက္ကဌ ဦးစောလှိုင်နဲ့တကွ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ အခုလို မတရားစွပ်စွဲဖမ်းဆီးခြင်းတွေဟာ ပဋိပက္ခကို လျော့ပါးသွားစေမှာမဟုတ်ဘဲ မကျေနပ်မှုတွေသာများ လာနိုင်ကြောင်း ၊ RNDP ပါတီခေါင်းဆောင်တချို့ကို တရားခံဖြစ်စေဖို့ အကွက်ချစီမံ လုပ်ဆောင်ခြင်း ခံခဲ့ရတာလို့ ယုံကြည်ကြောင်းစတဲ့ အချက် ၉ ချက်ပါရှိတယ် ဖော်ပြထားပါတယ်။

ဒီအတောအတွင်း RNDP ပါတီဥက္ကဌ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ပါတီခေါင်းဆောင်တွေဟာ သံတွဲမြို့နယ်ကို ရောက်ရှိနေပါတယ်။ သူတို့ရဲ့ခရီးစဉ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေပြုလုပ်သွားမှာဖြစ်ပြီး ဒီစုံစမ်းမှုက ရလာတဲ့ရလာဒ်တွေကို အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment