Friday 4 October 2013

သံတွဲပဋိပက္ခ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သူ နှစ်ဦးနှင့် မီးရှို့ဖျက်ဆီးသည်ဟု သံသယရှိသူ ခြောက်ဦးအား စစ်ဆေးနေ


ရခိုင်ပြည်နယ် သံတွဲပဋိပက္ခ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သည့် နေအိမ်အား အုတ်ခဲများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ခဲ့သူများအနက် ပါဝင်သူ နှစ်ဦးနှင့် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သံသယရှိသူ ခြောက်ဦးကို ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၃ ရက် ညနေ ပိုင်းတွင် ပြောကြားခဲ့သည်။


နေအိမ်အား ခဲဖြင့်ပစ်ပေါက်ခဲ့သူ နှစ်ဦးကို သံတွဲမြို့မ ရဲစခန်းမှ (ပ)၇၉/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၆/၄၂၇ ဖြင့်လည်းကောင်း၊ နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့သည်ဟု သံသယရှိသူ ခြောက်ဦးကို သံတွဲမြို့မ ရဲစခန်းမှ (ပ)၈၃/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆/၄၂၇ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခံရသူ အားလုံးမှာ ရခိုင်လူမျိုးများဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

''အခုဖမ်းဆီး စစ်ဆေးနေတဲ့သူတွေ အားလုံးက သံသယရှိလို့ ဖမ်းဆီးစစ်ဆေးနေတဲ့ အဆင့်ပဲရှိတယ်။ တရားခံ မဟုတ်သေးဘူး။ ရဲလုပ်ငန်းအရ အားလုံးစစ်ဆေးပြီးမှ ဆက်လက် ဆောင်ရွက်သွားမှာပါ။ အကယ်၍ သက်သေခံ အထောက်အထား မခိုင်လုံရင်တော့ ပြန် လွှတ်ပေးသွားမှာပါ'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားခဲ့သည်။

ကမန်လူမျိုးတစ်ဦးက အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ တွင် နေအိမ်မီးရှို့ ခံရမှုနှင့်ပတ်သက်ပြီး တိုင်ကြားခဲ့ကြောင်း သိရသည်။ သို့သော် ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၂ ရက်နေ့ညတွင်မသင်္ကာ သဖြင့် နေအိမ်များအတွင်း ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ရခိုင်လူမျိုး ခြောက်ဦးကို အဆိုပါ ကမန်လူမျိုး တိုင်ကြားမှုနှင့် ပတ်သက်၍ အောက်တိုဘာ ၃ ရက်နေ့ ညနေ ၄ နာရီ ၄၅မိနစ် အချိန်ခန့်က သံတွဲတရားရုံးတွင် စတင်စစ်ဆေးခဲ့မှုအပေါ် ဒေသခံများက ဝေဖန်မှုများ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စတင်စစ်ဆေးမှုကို သံတွဲဒေသခံ ၂၀၀ ၀န်းကျင်လာရောက် နားထောင်ပြီး မသင်္ကာမှုဖြင့် ဖမ်းဆီး ခံရသူများကို လာရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သံတွဲဒေသခံ တစ်ဦးဖြစ်သူ ကိုအောင်က ''အခု မသင်္ကာလို့ စစ်နေတာက လွဲနေတယ်လို့ ထင်တယ်။ ဘာကြောင့် လဲဆိုတော့ ညဘက် ဖမ်းသွားတဲ့ သူတွေကို နောက်နေ့မှ အမှုဖွင့်တာနဲ့ ပတ်သက်ပြီးတော့ စစ်ခဲ့တာ ဆိုတာ ကတော့ စဉ်းစားစရာပဲ'' ဟု ပြောကြားခဲ့သည်။

ထို့ပြင် သံသယရှိမှုဖြင့် စစ်ဆေးခံရသူ ခြောက်ဦးအနက် တစ်ဦးက ''ကျွန်တော့် အနေနဲ့ကတော့ ဘာမှ မပြောချင်ဘူး။ ဒါပေမယ့် အမှန်တရားတော့ ဖြစ်စေချင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

တိုင်ကြားခဲ့သူ ကမန်လူမျိုးမှာ ယခု စက်တင်ဘာ ၃ရက်တွင် သံတွဲအကျဉ်းထောင်၌ ရမန်ယူပြီး တရား ရင်ဆိုင်နေရသူ ဖြစ်ကြောင်း ၎င်းအား ညီဖြစ်သူမှ ထောင်ဝင်စာသွားတွေ့စဉ် နေအိမ်မီးရှို့ခံရမှုနှင့် ပတ် သက် ၍ ပြောခဲ့ရာမှ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းတွင် သံသယ ရှိသူ ခြောက်ဦးကို သံတွဲမြို့နယ် တရားရုံးမှ စစ်ဆေးနေစဉ်တွင် တရားသူကြီးက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သံတွဲမြို့နယ် တရားသူကြီး ဦးမြင့်ဟန်အား သွားရောက်မေးမြန်းရာ ၎င်းက “မီဒီ ယာတွေကိုပြန် ဖြေကြားခွင့်မရှိပါဘူး။ ခုနစစ်ဆေးတုန်းက ပြောသွားတဲ့ အတိုင်းပါပဲ'' ဟု ပြောကြားခဲ့ သည်။ သံတွဲမြို့ သပြုချိုင်ကျေးရွာနေ ကမန်လူမျိုးဦးမြင့်မောင်က ''ကျွန်တော်တို့တွေ ဒီမြေမှာ အရင်နှစ် များကတည်းက အတူ အေးချမ်းစွာနေ ထိုင်လာခဲ့တာပါ။ အခုလိုဖြစ်သွားတော့ ကျွန်တော်တို့က ဘယ် လိုနေရ မှန်းမသိတော့ဘူး။ တစ်ယောက်ကိုတစ် ယောက် မယုံကြည်တော့ဘူးဖြစ်လာပြီ'' ဟု ပဋိပက္ခများနှင့် ပတ်သက်ပြီးသုံးသပ် ပြေ ကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment