Friday 4 October 2013

နိုင်ငံရေး အကျဉ်းသားဟောင်း အများစုတွင် တွေ့ရတတ်သည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ပြေလျော့စေရန် အေအေပီပီနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဆောင်ရွက်လျှက်ရှိ

နိုင်ငံရေး အကျဉ်းသားဟောင်းများတွင် ဖြစ်တတ်သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများအား ပြေလျော့စေ ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကျောင်းတော်ပြန်တို့ စကားဝိုင်းအား လုပ်ဆောင်ပေးနေပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP အဖွဲ့က Counselling ပြုလုပ်ပေးနေကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က နိုင်ငံရေးအကျဉ်းသားအများစုတွင် ဖြစ်ပေါ်တတ်သည့် စိတ်ပိုင်း ဆိုင်ရာ ပြဿနာများပြေ ပျောက်စေရန်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အချင်းချင်းတွေ့ ဆုံကာ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု တည်ဆောက်ကာ ပတ်ဝန်းကျင်ကိုပါ အပြန်အလှန်လေးစားမှု တိုးပွား လာစေရန်၊ မိမိနှင့် ပတ်ဝန်းကျင်ကို မှန်ကန်သော ယုံကြည်မှုများဖြစ်ပေါ် တိုးတက်စေရန်၊ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေများထဲ ပြန်လည် ၀င်ဆံ့လာစေရန်၊ နိုင်ငံရေး အကျဉ်း သားဟောင်းများအချင်းချင်း အပြန်အလှန် အဆက်အသွယ်များ ရရှိစေရန်၊ နိုင်ငံရေး အကျဉ်းသားဟောင်း များ၏ လိုအပ်ချက်၊ ခံစားချက်၊ အနာဂတ် မျှော်လင့်ချက်များကို ပိုမိုသိရှိနားလည် အထောက်အကူဖြစ်စေ ရန် တို့ ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြောကြားသည်။

ကျောင်းတော်ပြန်တို့ စကားဝိုင်းကို စီစဉ်သူများထဲတွင် ပါဝင်သည့် ဦးတင်မောင်ဦးက ''စိတ်နဲ့ပတ်သက်လို့ ဆိုးဆိုးရွားရွား ဖြစ်နေတဲ့လူတွေက ရန်ကုန်မှာ ပိုများတယ်။ ရန်ကုန်မှာက စားဝတ်နေရေး ပြဿနာပို များတယ်။ နယ်ကလူတွေကတော့ သိပ်မညည်းညူကြဘူး။ ပခုက္ကူမှာတော့ အခြေအနေဆိုးတာ တစ်ယောက် ပဲတွေ့ရတယ်။ စကားဝိုင်းလုပ်ရင်း နဲ့ပဲ ထောင်မကျခင်က ဘာတွေလုပ်ခဲ့လဲ။ ထောင်ကျ သွားပြီးတော့ ဘာတွေဖြစ်လဲ၊ ထောင်ထဲမှာနေရင်းက အပြင်ရောက်ရင် ဘာတွေလုပ်မယ်လို့ တွေးထားလဲ၊ လက် တွေ့မှာ ကိုယ်တွေးထားတာနဲ့ ဘယ်လောက် ကွဲလွဲလဲဆိုတာကို မေးတာပေါ့။ ကိုယ်လွတ်လာတော့ မိသားစုက ကိုယ့်အပေါ်ဆက်ဆံတာ နွေးထွေးရဲ့ လား။ မေးလိုက်ပြော လိုက် လုပ်ကြတယ်။ နောက်တော့ သူတို့အချင်းချင်းပဲ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုကျော်ဖြတ်ကြတယ် ဆိုတာကို ဖလှယ်ကြတယ်'' ဟု ပြောကြားသည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ စကားဝိုင်းအား ပုဂ္ဂလိက အလှူရှင်အချို့ က ထောက်ပံ့ပေးကြောင်းလည်း ဦးရဲအောင်က ပြောကြားသည်။

AAPP အဖွဲ့က ပြုလုပ်သည့် Counselling Program အား အမေရိ ကန်နိုင်ငံ Johns Hopkins University မှ ကူညီထောက်ပံ့ပေးပြီး အကြမ်းဖက်ခံရသူများအား နှစ်သိမ့်ပေးသည့် အစီအစဉ်တစ်ရပ်ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများအား စတင် Counselling ပေးခြင်းဖြစ် သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအား ဘ၀ပြန်လည်ထူထောင်ပေးမည့် အစီအစဉ်အဖြစ် AAPP အဖွဲ့ က နိုင်ငံရေးအကျဉ်းသား အယောက် ၂၀ အား Counsellor အဖြစ် ခန့်အပ်ရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment