Thursday 3 October 2013

အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အကြိုဆွေးနွေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကေအိုင်အိုဆက်ဆံရေးရုံးဟောင်းတွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) နှင့် ကေအိုင်အို ကိုယ်စားပြု အလုပ်အဖွဲ့တို့ အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တွေ့ဆုံခဲ့ပြီး လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ခေါင်းစဉ်ငါးခုကို ဆွေးနွေးခဲ့သည်။လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ မနောကွင်းတွင် အောက်တိုဘာ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးမည့် အကြောင်းအရာများမှာ ပြီးခဲ့သော ဆွေးနွေးပွဲ၏ အကျိုးဖြစ်ထွန်းမှုများ၊ ရွှေ့ပြောင်း ဒုက္ခသည်ကိစ္စ၊ တပ်ပိုင်းဆိုင်ရာကိစ္စ၊ နိုင်ငံရေးကိစ္စနှင့် အခြားကိစ္စရပ် များ ဖြစ်ကြောင်း သိရသည်။

ယခုဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးက လာမည့်ဆွေးနွေးပွဲတွင် ပိုကောင်းသောရလဒ်များ ရှိလာနိုင်ကြောင်း သုံးသပ်ကြသည်။ ကေအိုင်အို ကိုယ်စားပြု အလုပ်အဖွဲ့မှ ဦးဒေါင်ခါးက ''အသေးစိတ် ဆွေးနွေးတာ ကတော့ လာမယ့်ဆွေးနွေးပွဲကို ဘယ်ပုံဘယ်နည်း လုပ်မယ်ဆိုတာပါ။ အဓိကတော့ ရှေ့တန်း စောင့် ကြည့်ရေး ၊ ရွှေ့ပြောင်း ဒုက္ခသည်အရေးတွေမှာ မူကျအောင် လုပ်ဖို့ပါပဲ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး နဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် မူကျအောင် ဆွေးနွေးမှာပါ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြင်စရာရှိသေးတယ်။ အချိန်လောက်၊ မလောက်တော့မသိဘူး။ ကျွန်တော် တို့က နိုင်ငံရေးဆွေးနွေးမှုကို ဦးတည်တယ်။ရှေ့တန်းက ပြဿနာကိုသာ ပြောနေရင် အနုတ်လက္ခဏာ များ မှာပေါ့'' ဟုဆိုသည်။

လာမည့်ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ လက်နက်ကိုင် မဟာမိတ်ပါတီများ၊ ရှမ်း တိုင်းရင်းသားရေးရာအဖွဲ့ စသည်တို့အား ဖိတ်ကြားမည် ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment