Thursday 3 October 2013

မလေးရှားရောက် မြန်မာနိုင်ငံသားများအား လူမျိုးဘာသာမခွဲခြားဘဲ ကာကွယ်စောင့်ရှောက်ပေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြော ကြား



မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို လူမျိုးဘာသာ မခွဲခြားဘဲ အကာအကွယ်ပေး ရန် စောင့်ရှောက်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံသား များ၏ လိုအပ်ချက်ကို ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှားနိုင်ငံ သို့ ရောက်ရှိစဉ် ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၂ ရက် ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြား သတင်း ဖော်ပြချက် အရ သိရသည်။



မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ သံမှူးကြီး ဦးကျော်စွာ ၊ စစ်သံမှူး ဗိုလ်မှူးချုပ်ဝင်းမောင်တို့ဦး ဆောင်သည့် သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့်တွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယခုကဲ့သို့ မှာကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်ပတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ တာဝန် ထမ်းဆောင်နေကြသည့် ၀န်ထမ်းများသည် နိုင်ငံ အတွက် အရေးကြီးသည့် တာဝန်ကို ထမ်းဆောင်နေကြ သူ များ ဖြစ်ကြောင်း၊ နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်ဆံရာတွင် သံတမန်များ ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် အမှားမရှိအောင် ဂရုစိုက်ကြ ရန် လိုအပ်ကြောင်းနှင့် တပ်မတော်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင် မှန်ကန်စွာ ရပ်တည် ဆောင်ရွက်လျှက်ရှိ သည်ဟု ပြော ကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဘုရင်ကပေး အပ်သည့် ဘွဲ့တံဆိပ်ရယူရန် စက်တင်ဘာ ၃၀ ရက်က ရောက် ရှိနေခြင်း ဖြစ်ပြီး အောက်တိုဘာ ၂ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိခဲ့သည်။

Eleven Media Group

No comments:

Post a Comment