Thursday 3 October 2013

ဂျပန်ချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို မကြာမီ အဆင့်မြှင့် မည်

ဂျပန်ချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို မကြာမီ ပြင်ဆင် သွားမည် ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားသည်။
ဂျပန်မှ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ငါးဘီလျံ ကို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ငြိမ်းချမ်းရေး ကိစ္စများအတွက် စက်တင်ဘာလ အတွင်းက ပေးခဲ့ရာတွင်မူ ရထား ပို့ဆောင်ရေး ကဏ္ဍမှ ရရှိမည်ဖြစ်သော ငွေများဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို ပြင် ဆင်ခြင်း ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

''ဂျပန်ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ရထားလမ်းတွေကို အဆင့်မြှင့်တင်စေချင်တယ်။ ဒါပေမဲ့ ရထား ၀န်ကြီးဌာနက ရမယ့်အချိုးနဲ့ဆိုရင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းနဲ့တောင် လုံလောက်မှု မရှိလောက် ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကတော့ အကောင်အထည်ဖော်ရမှာ ဖြစ်တဲ့အတွက် ရန်ကုန်-တောင်ငူ လမ်းပိုင်း ကို စပြီး အဆင့်မြှင့်သွားမယ်'' ဟု ပြည်ထောင်စု ၀န်ကြီး ဦးသန်းဌေးက ပြောကြားသည်။

၎င်းအပြင် မြန်မာနိုင်ငံအတွင်းရှိ အဓိက ပင်မရထားလမ်းကြောင်း ၁၁ ခုကို ရထားလမ်းပိုင်းများအား အဆင့်မြှင့်တင်ရန်အတွက် လုံလောက်သော အနေအထားမရှိသေးကြောင်း၊ သို့သော် ရန်ကုန်-မန္တလေး လမ်းပိုင်း စတင်နိုင်ရန် အတွက်မူ ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းကို မကြာမီ အဆင့်မြှင့်တင်မှု ပြုလုပ် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဆိုသည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းမှစ၍ သဘောတူညီထားချက်အရ ဂျပန် နိုင်ငံ မှ အတိုးနှုန်း သက်သာသည့် ချေးငွေများနှင့် ရထားနှင့် သက်ဆိုင်သော စီမံကိန်းများတွင် နည်းပညာ အထောက်အပံ့ များ ကူညီသွားရန် သဘောတူ ညီချက် ရရှိထားသည့်အပြင် ယခုနှစ် နှစ်လယ်ပိုင်းက မြန်မာနိုင်ငံသို့ လာရောက် ခဲ့သော ဂျပန်နိုင်ငံမှ ပို့ဆောင်ရေးဝန်ကြီးနှင့် လွှတ်တော်အမတ် တစ်ဦးတို့က မြန်မာနိုင်ငံ၏ ရထားလမ်းပိုင်းအခြေအနေ အမြန်ဆုံး အဆင့်မြှင့် တင်နိုင်ရန် ကူညီမှုများပေးသွားမည်ဟု ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် လာရောက်ပြောဆိုမှုများ ရှိခဲ့ကြောင်း သိရ သည်။

မြန်မာ-ဂျပန် ပထမဆုံး ပူးပေါင်းလုပ်ဆောင်မည့် ရထားလမ်းပိုင်းဖြစ်သော ပဲခူး-ရန်ကုန် လမ်းပိုင်းကိုလည်း လာမည့် အောက်တိုဘာလအတွင်း သို့မဟုတ် အောက်တိုဘာလကုန်တွင် စတင်နိုင်မည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ ပညာရှင်များနှင့် စက်ပစ္စည်းများကို အဓိက အကူအညီရယူသွား မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

Eleven Media Group

No comments:

Post a Comment