Tuesday 13 August 2013

အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး ကော်မတီဝင်များ ၀န်ကြီးဌာနအတွင်း စတင်ရွေးချယ်

အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေး မည့် ကော်မတီဝင်များကို သက်ဆိုင်ရာဝန်ကြီးဌာနအတွင်း စတင်ရွေးချယ် နေပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သိရသည်။

''အခုဝန်ကြီးဌာနမှာ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေးရေး ကော်မတီမှာ ပါဝင်မယ့် ကိုယ်စားလှယ်တွေ ကို စတင်ရွေးချယ်နေပါပြီ။ ကော်မတီ ဖွဲ့ပြီးသွားရင်တော့ ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ပြီး သက်ဆိုင်ရာ အလုပ်အကိုင် အမျိုးအစားအလိုက်၊ ကျွမ်းကျင်မှုအလိုက် အနိမ့်ဆုံးလုပ်ခလစာတွေကို သတ်မှတ်ပေး မှာ ဖြစ်ပါတယ်။ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်တဲ့နေရာမှာ ဒေသတစ်ခုနဲ့တစ်ခု၊ အလုပ်အကိုင် အမျိုးအစားတစ်ခုနဲ့တစ်ခု အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်တွေ တူညီမှာမဟုတ်ပါဘူး'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဥပဒေအကြံပေး ဦးသက်နိုင်ဦးက ဆိုသည်။

အနည်းဆုံး အခကြေးငွေနည်းဥပဒေတွင် အမျိုးသားအဆင့် ကော်မတီ ဖွဲ့စည်းခြင်း၊ ပြည်ထောင်စု နယ်မြေကော်မတီ၊ အထူးစီးပွားရေးဇုန် ကော်မတီ၊ တိုင်းဒေသကြီးပြည်နယ် ကော်မတီများ ဖွဲ့စည်းရေးတို့ ပါဝင်ကြောင်း သိရသည်။

အနည်းဆုံး အခကြေးငွေကို နိုင်ငံတစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ အတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက်သော်လည်းကောင်း၊ ကူး သန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်းအတွက် သော်လည်းကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအမျိုးအစားအလိုက်သော်လည်းကောင်း၊ အနည်းဆုံးအခကြေးငွေကိစ္စ သတ် မှတ်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကော်မတီအသီးသီးမှ တင်ပြလာသည့် သတ်မှတ်သင့်သည့် အနည်း ဆုံး အခကြေးငွေ နှုန်းထားများကို အများပြည်သူသိရှိနိုင်ရန်နှင့် ကန့်ကွက်လိုက ကန့်ကွက်နိုင်ရန် အနည်း ဆုံး ရက်ပေါင်း ၆၀ အတွင်း ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment